ရှမ်းမန်းစစ်ဆင်ရေးတိုက်ပွဲအတွက် စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို PDF တပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ စစ်သုံ့ပန်း ၁၆ ဦး၊ ကား ၄ စီးနဲ့ လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂ ရက်မှာ ထုတ်ပြန် ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းအတွင်းက ရှမ်းမန်းစစ်ဆင်ရေးတိုက်ပွဲအတွက် စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေက ကြားဖြတ်တောက်တိုက်ခိုက်ခဲ့တာပါ။
မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တိုက်နယ် ၃ ရဲ့ တာ၀န်ခံတဦးက “စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ၁၆ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သုံ့ပန်း ၁၆ ယောက်ကို ဖမ်းဆီးမိခဲ့ပြီး ကား ၄ စီးအပါအ၀င် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ စစ်သားအများအပြားလည်း သေဆုံးခဲ့ပါသေးတယ်”လို့ DVB ကိုပြောပြပါတယ်။
စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့နေရာကိုတော့ လုံခြုံရေးအရ ထုတ်ဖေါ်ပြောဆိုတာ မရှိခဲ့ပါဘူး။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုတွေကို ဇွန် ၂၆ ရက်မှ ဇွန် ၂၈ ရက်အထိ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တိုက်နယ် ၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြင်ဦးလွင်ခရိုင် PDF ပြောရေးဆိုခွင့်ရှိသူတဦးက “မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းစီကနေ MA 13 သေနတ် ၁ လက်၊ MA 11 သေနတ် ၁ လက်၊ MA 4 သေနတ် ၁ လက်၊ BA72K သေနတ် ၁ လက်၊ G 3 သေနတ် ၉ လက်နဲ့ ခြောက်လုံးပြူးသေနတ် ၁ လက်တို့ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။ ဖမ်းဆီးရမိထားတဲ့ စစ်သုံးပန်းတွေကိုတော့ အထက်အဆင့်အဖွဲ့အစည်းတွေဆီကို လွှဲပြောင်းပေးဖို့ စီစဥ်ဆောင်ရွက်နေပါတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့လည်း သိရပါတယ်။