Home
မြန်မာသတင်း
အမေရိကန်ရောက် သံဃာများ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက် 
DVB
·
July 3, 2024

အမေရိကန်နိုင်ငံ ပြည်နယ်အသီးသီးရောက် သံဃာတွေက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံပြုပြီး သပိတ်မှောက်ကြောင်း ဒေသစံတော်ချိန် ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့မှာ စစ်ကောင်စီကို အမေရိကန်ရောက်သံဃာတွေက ပတ္တနိက္ကုဇ္ဇနကံပြုပြီး သပိတ်မှောက်ကြောင်း ကြေညာခဲ့တာပါ။

ပြည်တွင်းက သံဃာတော်တွေ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင်နေသလို အမေရိကန်ရောက် ပြည်နယ်အသီးသီးက သံဃာတွေကလည်း မြန်မာနိုင်ငံက ညီတော်နောင်တော်တွေနည်းတူ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံပြုပြီး သပိတ်မှောက်ကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ကြေညာချက်ထုတ်ပြန်ဖို့ သက်ဆိုင်ရာပြည်နယ်အသီးသီးက ဆရာတော်၊ သံဃာတော်တွေရဲ့ သဘောတူညီချက်ကိုလည်း ရယူထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီးအပါအဝင် ဖမ်းဆီးသတ်ဖြတ်ခံထားရတဲ့ သံဃာတွေအတွက် တရားမျှတမှုရတဲ့အချိန်အထိ သပိတ်မှောက်သွားမယ်လို့ နယူးယောက်ပြည်နယ်၊ ရွှေသစ္စာဓမ္မရိပ်သာကျောင်းဆရာတော် အရှင်ပညိန္ဒက မိန့်ပါတယ်။

“ပြည်တွင်းကသံဃာတွေအနေနဲ့တော့ ဦးပဉ္စင်းက ပထမဆုံးအရေးအကြီးဆုံး ပြောချင်တာကတော့ Safety First ဆိုတဲ့အတိုင်း ကိုယ်က စစ်တပ်ကိုတွန်းလှန်တာကလည်း တွန်းလှန်တာပဲ။ ဒါပေမဲ့ သံဃာတော်တွေရဲ့အသက်ကို မထိခိုက်ဖို့၊ လုံခြုံအောင် ကာကွယ်ပြီးတော့ နေဖို့ပေါ့။ အဲ့ဒါပြီးတော့ တထပ်တည်းအတူတူ ပြည်တွင်းရော ပြည်ပရော စစ်တပ်ကို ပတ္တနိက္ကုဇ္ဇနကံပြုပြီးတော့ စစ်တပ် ပင့်တဲ့ ဖိတ်တဲ့ဟာတွေမှာ ဦးပဉ္စင်းတို့ မကြွဖို့ပေါ့နော်။”

ဇွန် ၁၉ ရက်က စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဆင့်ရှိတဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ပြီးနောက် သံဃာထုကြားမှာ ကြီးမားတဲ့သက်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု၊ ဘာသာရေးခေါင်း ဆောင်တွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေဖြစ်ရသလို တတ်နိုင်တဲ့ဘက်က ကူညီပေးနိုင်ဖို့ကြိုးစားနေတယ်လို့ American Baptist Churches USA ရဲ့ အထွေထွေအတွင်းရေးမှူး Rev. Dr. A. Roy Medley ကပြောပါတယ်။

"သူတို့ ဘုရားစေတီတွေကိုဖျက်ဆီးတိုင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေကို ဖျက်ဆီးတိုင်း၊ ဗလီတွေကို ဖျက်ဆီးတိုင်း၊ ဘာသာရေးခေါင်းဆောင်တွေကို ဖမ်းဆီးသတ်ဖြတ်တိုင်း ကျနော်တို့ တကယ့်ကို စိုးရိမ်ပူပန်မှုတွေ ဖြစ်ရပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေကို ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ မေးခွန်းထုတ်နေပါတယ်။ စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေ ပိုလုပ်ဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူး အစီအရင်ခံသလို သတ်ဖြတ်မှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီကိုဆန့်ကျင်ပြီး ပြည်သူတွေကို ငွေကြေးထောက်ပံ့မှုတွေ ပိုလုပ်နိုင်ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ သွေးစည်းညီညွတ်မှုကိုပြဖို့ ဒီနေ့ကျနော်တို့ လာခဲ့တာပါ။ ခရစ်ယာန်နဲ့ မွတ်စလင်ညီနောင်တွေဟာ မြန်မာပြည်က ဗုဒ္ဓဘာသာညီနောင်တွေနဲ့အတူ တရားမျှတမှု၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအတွက် ရုန်းကန်တိုက်ပွဲဝင်ပေးနေပါတယ်။"

Anti Dictatorship in Burma - DC Metro Area မှ ကိုရင်အေးက "သူတို့က ပါးစပ်ကပြောတော့သာ အမျိုးဘာသာ၊ သာသနာပြောနေပေမဲ့လည်း တကယ်တမ်း တန်ဖိုးရှိတဲ့ ဆရာတော်ဘုရားကြီးကို သာသနာကို ညှိုးကွယ်သွာအောင်အထိ လုပ်လာတဲ့ ပက်စက်ယုတ်မာတဲ့ စစ်ကောင်စီကို ပြန်ပြီးတော့ ဒဏ်ခတ်အရေးယူဖို့ လိုနေပါပြီ။ သူတို့ကို လုံးဝအသိအမှတ်မပြုတော့ဘူးဆိုတဲ့ ကံဆောင်တဲ့ကိစ္စကို လုပ်ကိုလုပ်ရပါမယ်။ တချိန်တည်းမှာပဲ ကျနော်တို့ ဝါရှင်တန်ဒီစီနဲ့ အမေရိကန်အရှေ့ခြမ်းမှာရှိတဲ့ သံဃာတွေလည်း ပူးပေါင်းပါဝင်ကြပြီးတော့မှ ပတ္တနိက္ကုဇ္ဇနကံဆောင်တဲ့ပွဲကို ကျင်းပတာပါ။ ဆရာတော်ကြီးအတွက် ထိုက်တန်တဲ့ အရေးယူမှုတွေယူဖို့အတွက် ကျနော်တို့လာပြီးတော့ စည်းရုံးလှုံ့ဆော်တာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဇွန် ၂၃ ရက်မှာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် သံဃာတော်တွေက စစ်ကောင်စီအပေါ် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ကို စတင်ခဲ့ကြပြီးနောက် ဇူလိုင် ၁ ရက်အထိ နိုင်ငံတဝန်း ရဟန်းသံဃာတွေ ကံဆောင်သပိတ်ပြုထားတဲ့ မြို့နယ် စုစုပေါင်း အနည်းဆုံး ၁၄ မြို့နယ်အထိ ရှိလာပါတယ်။

စစ်ကိုင်းတိုင်းထဲက ချောင်းဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ ဆားလင်းကြီး၊ စစ်ကိုင်း၊ မုံရွာ၊ ဝက်လက်၊ ဘုတလင်၊ အရာတော်၊ မြင်းမူစတဲ့ မြို့နယ် ၁၀ ခု၊ မကွေးတိုင်းထဲက မြိုင်၊ ပခုက္ကူ၊ ပေါက် ၃ မြို့နယ်နဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တို့က သံဃာတော်တွေ ပူးပေါင်းပါဝင်ခဲ့တာကြောင့် ၁၄ မြို့နယ်အထိ ရှိလာတာပါ။

ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေက ရဟန်းသံဃာတွေလည်း ကံဆောင်သပိတ်မှာ တရားဝင်ပါဝင်ဖို့ ဆန္ဒရှိကြပေမဲ့ စစ်ကောင်စီက ရန်ပြုလာနိုင်တာကြောင့် သပိတ်မှာ တရားဝင်ပူးပေါင်းဖို့ အခက်အခဲရှိနေကြပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013