Home
မြန်မာသတင်း
ကချင်ပြည်နယ်၌ မိုးဆက်များနိုင်၊ မှော်ကန်အနီးနေထိုင်သူများ သတိထားရန်လို
DVB
·
July 3, 2024

ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ နောက် ၃ ရက်ထိ မိုးဆက်လက်ပြီး ရွာနေဦးမှာ ဖြစ်တာကြောင့် ရေပြည့်နေတဲ့မှော်ကန်တွေအနားက ဒေသခံတွေ စိုးရိမ်ရပြီး ကြိုတင်ပြင်ထားဖို့လိုတယ်လို့ မိုးလေဝသ ပညာရှင်က သတိပေးထားပါတယ်။

ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ ဇူလိုင် ၃ ရက်ကနေ ၅ ရက်အထိ ဆက်လက်ပြီးမိုးများနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်၊ လက်ရှိမှာ မိုးများပြီး မြစ်ရေကြီးမှုတွေကြောင့် ကချင်ပြည်နယ်အပါအဝင် ဒေသတချို့မှာ မိုးဆက်လက် ရွာသွန်းနေဦးမှာဖြစ်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သုံးသပ်ပါတယ်။

“နောက်လာမယ့် ၃ ရက်မှာ မိုးများနိုင်တဲ့ ဒေသကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ် မွန်ပြည်နယ် အဲဒီလေးနေရာပေါ့။ နောက် ပဲခူးတိုင်းဆိုရင် အရှေ့ခြမ်းပေါ့ အနောက်ခြမ်းတော့မပါဘူး။ ဒီဒေသတွေမှာ မိုးကများနိုင်တယ်။ ဒီကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာဆိုတာက ခုနက ချင်းတွင်းမြစ်ဖျားခံတဲ့နေရာ ဧရာဝတီမြစ်ဖျားခံတဲ့နေရာ အခု လက်ရှိ ရေတွေကြီးနေတဲ့နေရာ၊ ဖားကန့်တို့ တနိုင်းတို့  စသဖြင့် ဒီဘက်က မြစ်ကြီးနား မေခ မလိခ မြစ်တွေ ရှိတဲ့နေရာတွေပေါ့။ အဲဒီတော့ အဲဒီနေရာတွေမှာ နောက် ၃ ရက်အတွင်းမှာ ရွာမယ့်မိုးရေချိန် ၁၂၀ မီလီမီတာလောက်ရှိတယ်။ ၄ လက်မခွဲ ၅ လက်မလောက်ရှိတယ်၊ ဒါက  ၃ ရက်အတွင်းမှာ ဒီလောက်ရွာ တယ်ဆိုရင် မြစ်ရေက ထပ်ပြီးတော့တက်လာနိုင်တယ်။”

ဇူလိုင် ၃ ရက် မနက်ထိကို မိုးကဆက်တိုက်ရွာသွန်းနေပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တချို့ မှာတော့ ရေပြန်ကျသွားပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်စိမ်းလုပ်ကွက်တွေရှိတဲ့ ဖားကန့်၊ လုံးခင်းနဲ့ စိုင်းတောင်ဘက်တွေမှာတော့ မှော်ကန်တွေထဲ ရေပြည့်လျှံနေတဲ့အတွက် မိုးဆက်ရွာနေဦးမယ်ဆိုရင်တော့ ကန်ပေါက်ကျပြီး အနားကဒေသတွေ ရေလွှမ်းမိုးခံရမှာ စိုးရိမ်ရတယ်လို့ ဖားကန့်မြို့ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့တခု တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ လုံးခင်း ကချင်ပြည်နယ် ဖားကန့်ဘက်ကပေါ့။ မှော်ဒေသဆိုတော့ အန္တရာယ်များတယ်။ အရင်ကြီးတာနဲ့ မတူဘူး။ ဒီတခေါက်ရေကြီးတာစံချိန်တင်နိုင်တယ်၊။ အခုလိုမျိုး ဥရုချောင်းရဲ့ဘေးမှာ လုပ်ကွက်အကြီးကြီးတွေတူးတာရှိတယ်။ အဲဒီကန်တွေထဲမှာ ရေကပြည့်လို့ ကန်က ရေမပြည်ရင်တော့ လုံးခင်း၊ ဖားကန့်၊ စိုင်းတောင် ပိုပြီး ဒီထက်မြုပ်သွားမှာပေါ့ ပြောချင်တာက။ ဒါပေမဲ့ အခု အဲဒီကန်တွေက ခြိမ်းခြောက်လာပြီ။ ကန်တွေက တူးထားတဲ့ကန်တွေမဟုတ်ဘူး။ ဘေးက ဖို့မြေတွေဆိုတဲ့ အခါကျတော့ မြေသားမခိုင်ဘူး၊ မိုးလေဝသက ဒီတိုင်းပဲ ဆိုးဆိုးဝါးဝါး ဆက်ဖြစ်နေဦးမယ်ဆိုရင် အဲဒီကန်တွေပေါက်ကျလာရင် ပိုပြီးတော့ အန္တရာယ်များလာမယ့် အနေအထားတော့ရှိတယ်။”

လက်ရှိအချိန်မှာ ရေပြည့်လျှံနေပြီး စိုးရိမ်ရတဲ့ မှော်ကန်နှစ်ခုက ဆန်ခါနဲ့ ဝှေခါ လုပ်ကွက်ကြီး နှစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

မြစ်ကြီးနားမှာလည်း မိုးဆက်တိုက်ရွာသွန်းနေတဲ့အတွက် မြို့ပေါ် နေရာတချို့လောက်ပဲ ရေပြန်ကျပြီး ရပ်ကွက်တော်တော်များများကတော့ ရေတင်ကျန်နေဆဲ ဖြစ်တယ်လို့ ရမ်ပူရပ်ကွက်နေ ဒေသခံက ပြောပါတယ်။

“ရေကတော့ရပ်ကွက်တိုင်းလိုလိုအားလုံးနီးပါး နစ်နေပြီလို့တောင်ပြောလို့ရတယ်။ အခုမြစ်ရဲ့ ဟိုဘက် ဒီဘက်တွေ စီတာပူဘက်တွေရော မနောကွင်းဆိုလို့ရှိရင် အဝင်အဝက သံပန်းတွေ အားလုံးမြုပ်သွားပြီ။ မနောတိုင်ကလည်း  တဝက်လောက်မြုပ်နေပြီ။ ကြက်ပေါင်ခြံကလည်း တရပ်ကွက်လုံးနီးပါးမြုပ်နေပြီ။ အဓိက ဘာလိုအပ်လဲဆိုရင်တော့ ကူညီကယ်ဆယ်ရေးတွေပေါ့။ အခုက ကူညီကယ်ဆယ်ရေးတွေက နေရာတိုင်းမှာ မရောက်နိုင်ဘူး။”

ဒီနှစ်မိုးကာလက မိုးပိုမှာဖြစ်ပြီး ရေကြီးရေလျှံတာနဲ့ မြေပြိုတောင်ပြိုတာတွေလည်း ဖြစ်လာနိုင်တဲ့အတွက် ကြိုတင်သတိပေးတာနဲ့ အချိန်မီရွေ့ပြောင်းတာတွေအတွက် ပြင်ဆင်ထားသင့်တယ်လို့ သိရပါတယ်။

ရေကြီးရေလျှံတွေပြီးသွားတဲ့ ဒေသတွေမှာလည်း ရှာဖွေကယ်ဆယ်တာနဲ့ ပြန်လည်နေရာချထား တာတွေကို လုပ်ဆောင်ဖို့ အရပ်ဖက်အဖွဲ့တွေနဲ့ မိုးဇလတို့ကလည်း သတိပေး ထုတ်ပြန်ထား ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013