ယူကရိန်းနိုင်ငံမှာ ရုရှားအလိုကျ ဖြစ်လာစေမယ့် အစိုးရဖြုတ်ချရေး အကြံအစည်တရပ်ကို ဟန့်တားနိုင်ခဲ့တယ်လို့ လုံခြုံရေး အရာရှိတွေက ဇူလိုင် ၁ ရက်မှာ ပြောပါတယ်။
ဇွန် ၃၀ ရက်အတွင်း ကိယက်ဗ်မြို့တော်မှာ အဓိကရုဏ်းဖြစ်အောင် ဖန်တီးကာ အာရုံပြောင်းဖို့အတွက် စီစဥ်ခဲ့ကြပြီး ဒီဖြစ်ရပ်မှာ ပါဝင်သူတွေက ပါလီမန် လွှတ်တော် အပါအဝင် စစ်ဘက်နဲ့ နိုင်ငံရေး ခေါင်းဆာင်မှုအာဏာကို သိမ်းယူဖို့အတွက် ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ ယူကရိန်း လုံခြုံရေးဌာန (SBU)အနေနဲ့ တယ်လီဂရမ်မှာ ပြောထားပါတယ်။
ဒီဖြစ်ရပ်အတွင်း ပါဝင်တယ်လို့ သံသယရှိသူ ၄ ဦးအထိ ဖော်ထုတ်နိုင်ခဲ့သလို အဲဒီထဲက ၂ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။
ဒါ့အပြင် အာဏာသိမ်းမယ့် အစီအစဉ်ရဲ့ အလားအလာနဲ့ ပါဝင်ခဲ့သူတွေက ရုရှားနဲ့ဆက်နွှယ်မှု ရှိ၊ မရှိကိုတော့ အတိအကျမသိရသေးဘဲ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရရင်တော့ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ပါတယ်။
SBU ကလည်း လက်နက်နဲ့ ခဲယမ်းတွေ အပါအဝင် ဖုန်း၊ ကွန်ပျူတာ၊ အခြားမှတ်တမ်းမှတ်ရာ စတဲ့ ရာဇဝတ်မှုကျူးလွန်မယ့် အထောက်အထားတွေကို သိမ်းဆည်းရမိခဲ့ကြောင်း အတည်ပြုပါတယ်။
အစွပ်စွဲခံထားရတဲ့ အာဏာသိမ်းခေါင်းဆောင်ဟာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အကြီးအကဲ ဖြစ်တဲ့အပြင် လူ ၂၀၀၀ ဆံ့ ခန်းမကြီးတခုကိုပါ ငှားရမ်းခဲ့တယ်လို့ အစိုးရရှေ့နေချုပ်ရုံးက ပြောပါတယ်။
အဲဒီနေရာမှာ ပုဂ္ဂလိကကုမ္ပဏီက စစ်မှုထမ်းတွေနဲ့ လက်နက်ကိုင် အစောင့်တွေပါ စုစည်းထားပြီး လွှတ်တော်ကို စီးနင်းဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။
အိမ်နီးချင်း ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှု ၂ နှစ်ခွဲနီးပါး ကြာမြင့်လာချိန်မှာ ကိယက်ဗ်က စစ်သည်အင်အားလျော့ကျလာမှုနဲ့ လက်နက်အတွက် အနောက်အုပ်စုအပေါ် မှီခိုနေရတဲ့ ပြဿနာကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အမေရိကန် ရွေးကောက်ပွဲဆိုင်ရာ စကားစစ်ထိုးပွဲမှာ အခြေအနေကောင်းခဲ့တဲ့ ထရမ့်ပ်ကလည်း ယူကရိန်းအတွက် အကူအညီပေးမှုကို ရှေ့ဆက်သင့်၊ မသင့် မေးခွန်းထုတ်ခဲ့တာကြောင့် “စိုးရိမ်ဖွယ်ရာ” အခြေအနေ ဖြစ်တယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ တခုတည်းသော ဥရောပမဟာမိတ်ဖြစ်တဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်ခ်တာ အော်ဘန် ကလည်း ဇယ်လန်းစကီး နဲ့ဆွေးနွေးဖို့အတွက် ကိယက်ဗ်မြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
Source-Reuters