ဧရာဝတီမြစ်အထက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်စတဲ့မြို့တွေနဲ့ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့မှာရေကြီးနေပြီး မြစ်အောက်ပိုင်းမှာလည်း မြစ်ရေ မြင့်တက်လာနိုင်တာကြောင့် သတိထားကြဖို့ မိုးလေဝသပညာရှင်က အကြံပြုတိုက်တွန်းထား ပါတယ်။
GFM(Global Flood Mapping) System မှာ ဇူလိုင် ၂ ရက်ည ၁၁ နာရီမှာ ရတဲ့ အချက်အလက်အရ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမှာ အနီရောင်(High)အဆင့်ကနေ လျော့ကျပြီး အဝါရောင်ဖြစ်သွားတာတွေ့ရတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ထုတ်ပြန်ထား ပါတယ်။
ချင်းတွင်းမြစ်ကတော့ အနီရောင်အဆင့်မှာ ဆက်ရှိနေသေးတာကြောင့် ချင်းတွင်းမြစ်ဖျားပိုင်းမှ မြစ်အောက်ပိုင်းအထိ စစ်ကိုင်းတိုင်းအတွင်း မြစ်ရေမြင့်တက်လာနိုင်မှာကို သတိထားကြဖို့ တိုက်တွန်းထားပါတယ်။
ရေကြီးမှုတွေနဲ့ကြုံတွေ့နေရတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမှာ ရေပြန်ကျသွားပေမဲ့ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်မှာတော့ အထက်ဘက်မှမိုးတွေ အဆက်မပြတ် မိုးများရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ဇူလိုင် ၁ ရက် ညနေပိုင်းကစလို့ ရေတွေဝင်ရောက်နေတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
မိုးရွာသွန်းမှုကြောင့် မြို့မရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ လုံးခင်းကျေးရွာအုပ်စု၊ ကံဆီးကျေးရွာတွေမှာ ရေကြီးနေလို့ အိမ်ခြေ ၃၈၀ ကျော် လူဦးရေစုစုပေါင်း ၂၂၅၈ ဦး ရေဘေးသင့်နေပြီး ကျောင်း၀င်းတွေထဲကိုလည်း ရေတွေဝင်ရောက်လာလို့ ယာယီပိတ်ထားတယ်လို့ ဆိုပါတယ်။
ဗန်းမော်မြို့မှာလည်း ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ခွန်သာရပ်ကွက်နဲ့ ဆင်ကုန်းရပ်ကွက်တွေထဲကို မြစ်ရေတိုးဝင်လာပြီး အိမ်ထောင်စုတချို့ကို ရေဘေးကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့ပြောင်းပေးထားပါတယ်။
မြစ်ကြီးနားမြို့မှာတော့ မြစ်ရေကြီးလို့ အိမ်ထောင်စု ပေါင်း ၂၀၀၀ ကျော်ရေဘေးသင့်ခဲ့ပြီး ရေဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ အခြေခံပညာကျောင်းတွေမှာ ရေဘေးရှောင်စခန်း ၃၇ ခုထိ ဖွင့်လှစ်ခဲ့ရပါတယ်။
ဝိုင်းမော်မြို့နယ်မှာလည်း ဝိုင်းမော်မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် စန်းကား၊ နောင်တာလော၊ မုတ်လွဲ၊ မိုင်းနား၊ မခန္တီး၊ နောင်ချိန်း ကျေးရွာတွေမှာ ရေကြီးနေလို့ ရေဘေးရှောင်စခန်းပေါင်း ၁၂ ခုဖွင့်လှစ်ခဲ့ရပါတယ်။
အလားတူ စစ်ကိုင်းတိုင်းမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်ပြီး ခန္တီးမြို့ရဲ့ စိုးရိမ်ရေမှတ် ကျော်လွန်ခဲ့ကာ ခန္တီမြို့နယ်အတွင်းရှိ မြို့မရပ်ကွက်၊ ပေါမိုင်းရပ်ကွက်၊ ဇီးဖြူကုန်းရပ်ကွက်၊ အောင်သာယာကျေးရွာနဲ့ ဆင်သေကျေးရွာတွေမှာ မြစ်ရေကြီးလို့ အိမ်ထောင်စု ၁၈၈ စု၊ လူဦးရေ ၆၅၈ ဦး ရေဘေးသင့်နေတယ်လို့ စစ်ကောင်စီ ပြန်ကြားရေး ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံဟာ အပူချိန်မြင့်မားတာ၊ မိုးခေါင်ရေရှားတာ၊ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်တာ၊ ရေလွှမ်းမိုးတာ၊ မုန်တိုင်းဒီရေနဲ့ မိုးကြီးရေကြီး အန္တရာယ်ရင်ဆိုင်ရဖို့ အလားအလာမြင့်မားတဲ့ နိုင်ငံဖြစ်နေတယ်လို့ IMO ကထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေထူထပ် အများစုနေထိုင်ကြတဲ့နေရာတွေက သဘာဝဘေးအန္တရာယ် အလားအလာများတဲ့ နေရာတွေဖြစ်ပြီး ရေလွှမ်းမိုးနိုင်ခြေရှိတဲ့ ဒေသတွေမှာနေထိုင်ကြတဲ့ လူဉီးရေ ၂၈ သန်းလောက်ရှိတယ်လို့ ခန့်မှန်းထားတယ်။
အိုးအိမ်မဲ့ဖြစ်စဉ်တွေကို စောင့်ကြည့်နေတဲ့ IDMC အဖွဲ့ရဲ့ တွက်ချက်မှုအရ ၂၀၁၈ နဲ့ ၂၀၂၃ - ၅ နှစ်တာကာလအတွင်း လူဦးရေ ၇သန်းလောက် သဘာဝဘေးအန္တရာယ် ဖြစ်စဉ် ၃၅၄ ခု ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အဲဒီထဲမှာ မုန်တိုင်းက ၅၀ ရာနှုန်း ရေလွှမ်းမိုးတာက ၄၉ ရာနှုန်းနဲ့ ငလျင်အပါအဝင်တခြား သဘာဝဘေးက ၁ ရာခိုင်နှုန်းဖြစ်ခဲ့ပါတယ်။
၂၀၂၀ နဲ့ ၂၀၃၉ ခုနှစ်တွေအတွင်း အနှစ် ၂၀ ကာလလောက်အတွင်းမှာ အတန်အသင့်ပြင်းထန် သဘာဝဘေးကြောင့် လူဉီးရေ ၁၅ သန်း (၃၂ ဒသမ ၆ ရာနှုန်း) ထိခိုက်နိုင်ပြီး ဆိုးရွားပြင်းထန်တဲ့ သဘာဝဘေးကြောင့် ၄၀ရာနှုန်း (သန်းပေါင်း ၂၀ကျော်)ထိ ခံစားရမယ့် အလားအလာရှိတယ်လို့ တွက်ချက်ထားတယ်။
လာမယ့် ၁၀ နှစ်အတွင်း မြင့်တက်လာနိုင်တဲ့ ပင်လယ်ရေမျက်နှာပြင်ကြောင့် ပင်လယ်ကမ်းခြေနားနီးတဲ့ ဒေသတွေမှာ အပြီးတိုင်ရေအောက်ရောက်သွားနိုင်တဲ့ အလားအလာတွေ ရှိနေတယ်။
ပင်လယ်ရေမြင့်တက်လာနိုင်ခြေသာမက ခန့်မှန်းရခက်လာတဲ့ မိုးရွာသွန်းမှုပုံစံ အပြောင်းအလဲတွေကြောင့် ပင်လယ်ကမ်းနားနီးဒေသတွေအပြင် မိုးခေါင်ရေရှားဒေသတွေမှာလည်း ဘေးအန္တရာယ် အလားအလာတွေရှိနေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
အိမ်ဆောက်လုပ်တဲ့ နည်းပညာနဲ့ အိမ်ဆောက်ပစ္စည်း အရည်အသွေးညံ့ဖျင်းတာကြောင့် ကျေးလက်ဒေသ လူနေအိမ်တွေရဲ့ ၈၂ရ ာနှုန်းဟာ သဘာဝဘေးအန္တရာယ်ဒဏ်ကို ခံနိုင်ရည်မရှိဘူးလို့ တွက်ချက်ထားတယ်။
မြန်မာနိုင်ငံမှာ မုတ်သုံကာလ ဇွန်လမှ အောက်တိုဘာလတွေအတွင်း အနောက်တောင် မုတ်သုံလေအားကောင်းလို့ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့်ဖြစ်စေ၊ မုန်တိုင်းတွေဝင်ရောက်၊ မုန်တိုင်းအရှိန်ကြောင့်ဖြစ်စေ နှစ်စဉ် မြစ်ရေကြီးခြင်းများ ဖြစ်ပွားလေ့ရှိတာဖြစ်ပါတယ်။
မြစ်ကြီးတွေရဲ့ မြစ်ဖျားပိုင်းမှာ ၃ ရက်လောက် မိုးသည်းထန်စွာရွာသွန်းတာကြောင့် မြစ်ဖျားပိုင်းမှာ မြစ်ရေကြီးပြီး အဆိုပါမြစ်ရေတွေဟာ မြစ်အောက်ပိုင်းသို့ တဖြည်းဖြည်းစီးဆင်းလာကာ မြစ်ဝကျွန်းပေါ်ဒေသတွေအထိ ပျံ့နှံ့ရေကြီးမှုတွေ ဖြစ်ပေါ်တတ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မိုးများတာကြောင့် မြစ်ရေကြီးတာနဲ့အတူ မြေပြိုကမ်းပြို၊ လျှပ်တပျက်ရေကြီးတာနဲ့ ရေလှောင်ကန်တွေ ၊ ဆည်တွေရဲ့ ရေပိုလွှဲတွေကနေ ရေလွှတ်ထုတ်တာ၊ ဆည်ကျိုးပေါက်တာတို့ ဖြစ်ပေါ်တတ်လို့ အထူးသတိပြုဖို့ တိုက်တွန်းထားပါတယ်။
ရေကြီးတာကြောင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ အောက်ပါအချက်တွေကို သတိပြုဖို့လည်း NUG က အသိပေးထားပါတယ်။
မြစ်ရေမကြီးခင် ကြိုတင်ပြင်ဆင်သင့်သည်များ
(က) မြစ်ကြီးများနှင့် ချောင်းကျယ်များအနီးတွင်နေထိုင်သူများအနေဖြင့် လှေများ၊ စက်တပ်ယာဉ်များကို ကြိုတင်ပြုပြင်ခြင်း၊ စက်သုံးဆီများနှင့် သက်ကယ်ဘောကွင်းများ (ကားတာ ယာများ) နှင့် ကြိုးများ ကြိုတင်စုဆောင်းထားပါ။
(ခ) မြေနိမ့်သည့်နေရာများနှင့် ရေဝင်နိုင်သည့်နေရာများတွင်နေထိုင်သူများအနေဖြင့် ရေလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားပါ။
(ဂ ) ရေထိ၍ပျက်စီးနိုင်သည့်ပစ္စည်းများကို ရေလုံအောင်ထုတ်ပိုး၍ အထပ်မြင့်သည့်နေရာများသို့ ပြောင်းရွှေ့ထားပါ။
(ဃ) ရေဝင်ရောက်မှုလျှော့ချနိုင်ရန် နေအိမ်ပတ်ဝန်းကျင်တွင်ရေမြောင်းများ ပိတ်ဆို့မှုကိုရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများ တူးဖော်ခြင်း၊ သဲအိတ်များဖို့ခြင်းတို့ကို ဆောင်ရွက်ပါ။
(င) အရေးပေါ်ရွှေ့ပြောင်းရန်လိုအပ်ပါက အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ပါ။
(စ) လိုအပ်သည့် စားနပ်ရိက္ခာခြောက်များ၊ သန့်ရှင်းသော သောက်သုံးရေ၊ ဆေးဝါးနှင့် ဓာတ်ဆားထုပ်များ၊ လက်နှိပ်ဓါတ်မီး၊ Power Bank၊ အရေးကြီးစာရွက်စာတမ်းများနှင့် တကိုယ်ရည်သုံးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားပါ။
မြစ်ရေကြီးချိန်တွင် သတိပြုရန်အချက်များ
(က) ပတ်ဝန်းကျင်အခြေအနေကို သတိပြုလေ့လာပါ။
(ခ) အရေးပေါ်ရွှေ့ပြောင်းရမည်ဆိုပါက ရေကျော်နေသည့်လမ်းများ၊ မြေပြိုကျနေသည့်နေရာများ၊ သစ်ပင်၊ ဓါတ်အားလိုင်းနှင့် ဓါတ်ကြိုးများ ပြိုပျက်ကျနေသည့်နေရာများကို သတိပြုရှောင်ရှားသွားလာပါ။ နေအိမ်အတွင်း၌လည်း ယို့ယွင်းနေသည့် လျှပ်စစ်မီးခေါင်းများနှင့် မီးခလုတ်များကို သတိပြုကိုင်တွယ်ပါ။ နေအိမ်တွင်းရေဝင်ပါက လျှပ်စစ်မိန်းခလုတ်များနှင့် ဂတ်စ်အိုးများကို ပိတ်ထားပါ။
(ဂ) ၂ ပေခန့် ရေစီးအားသည် ယာဉ်ကားများကိုပါမျောပါစေနိုင်သည့်အတွက် ရေမြင့်တက်နေချိန်တွင် အသုံးမပြုသင့်ပါ။
(ဃ) ရေစီးနှင့်အတူ အဆိပ်ရှိသည့်မြွေများ၊ ချွန်ထက်သောပစ္စည်းများနှင့် အမှိုက်သရိုက်များ မျောပါလာနိုင်သည့်အတွက် ရေစီးထဲတွင်ဖြတ်ကူးချိန်တွင် အထူးသတိပြုပါ။
(င) ရေတက်နေချိန်တွင် ကလေးငယ်များနှင့် အိမ်မွေးတိရိစ္ဆာန်များကို အထူးအလေးထား၍ ကာကွယ်စောင့်ရှောက်ပါ။ ကလေးငယ်များ ရေထဲတွင်ဆော့ကစားခြင်း မပြုလုပ်ရပါ။
(စ) ရေထဲတွင်အညစ်အကြေးများ ရောနှောပါဝင်နေသည့်အတွက် အဆိုပါရေကိုသောက်ခြင်း၊ ၎င်းနှင့်ထိတွေ့ထားသည့် အစားအသောက်များကို စားခြင်းတို့ မပြုလုပ်ရပါ။
(ဆ) ရေကိုကျိုချက်၍သော်လည်းကောင်း၊ ရေသန့်ဆေးခတ်၍သော်လည်းကောင်း သောက်သုံးပါ။
(ဇ ) ရပ်ရွာလူထုအတွင်း အချင်းချင်းရိုင်းပင်းကူညီပါ။