အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးအကူအညီသစ် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်ကို မကြာခင်မှာ ကြေညာတော့မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စ်တင်က ဇူလိုင် ၂ ရက် ယူကရိန်းသမ္မတနဲ့ ပင်တဂွန်မှာ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စ်တင်က “ပူတင်ရဲ့ မဆင်မခြင် စစ်ပွဲကို စတင်လိုက်ကတည်းက ယူကရိန်းဟာ ပြင်းထန်တဲ့တိုက်ပွဲ ဖြစ်ပွားနေရပြီး ကရင်မလင်ဟာ ယူကရိန်းမြို့တွေနဲ့ အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်မှုကို ပြန်းပြင်းထန်ထန် ဆက်လုပ်ဆောင်နေကြောင်း၊ ဒါပေမဲ့ တပ်ဖွဲ့တွေက ရုရှားရဲ့တိုက်ခိုက်မှုတွေကို ရဲစွမ်းသတ္တိရှိရှိ ဆက်လက်ခုခံကာကွယ်နေတာကြောင့် ရုရှားရဲ့ ရန်လိုမှုကို ပြန်လည်ဟန့်တားတွန်းလှန်ဖို့ မဟာမိတ်တွေနဲ့ မိတ်ဖက်တွေ ၅၀ လောက်က ယူကရိန်း လိုအပ်နေတဲ့ အရေးကြီးစွမ်းရည်တွေကို ဆက်လက်ပေးသွားမှာဖြစ်တယ်”လို့ ပြောပါတယ်။
ယူကရိန်းဟာ တနိုင်ငံတည်းမဟုတ်ပဲ အမေရိကန်ရဲ့ ထောက်ခံမှုကလည်း လုံးဝမယိမ်းယိုင်ကြောင်း အော်စ်တင်က ပြောပါတယ်။
မကြာခင်မှာ အမေရိကန်က ကြေညာတော့မယ့် ယူကရိန်းအတွက် လုံခြုံရေးအကူအညီအသစ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော်ဟာ သမ္မတရဲ့ အခွင့်အာဏာအောက်မှာ လေကြောင်းရန်ကာကွယ်ရေး ကြားဖြတ်ကိရိယာတွေ၊ တင့်ကားဖျက်လက်နက်တွေနဲ့ တခြားအရေးကြီးခဲယမ်းတွေကို အမေရိကန်စာရင်းမှ ပံ့ပိုးပေးမှာဖြစ်ကြောင်း အော်စ်တင်က ပြောပါတယ်။
ဒါ့အပြင် ပြည်ပစစ်ဘက်ရောင်းချမှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ NASAMS နဲ့ Patriot လေကြောင်းရန်ကာကွယ်ရေး ကြားဖြတ်ကိရိယာတွေကိုလည်း အရှိန်မြှင့်ဝယ်ယူခွင့်ပြုမယ် လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ယူကရိန်းရဲ့ နောက်ဆုံး နေတိုးအဖွဲ့ထဲဝင်ဖို့ စိတ်အားထက်သန်မှုတွေကိုလည်း သဘောတူကြောင်း ပြခဲ့ပါတယ်။
လာမယ့်သီတင်းပတ် ဝါရှင်တန်ဒီစီမှာ ပြုလုပ်မယ့် နေတိုးထိပ်သီးအစည်းအဝေးမှာ ယူကရိန်းနိုင်ငံအတွက် နေတိုးအဖွဲ့ဝင် ဖြစ်ရေးကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း အော်စ်တင်က ပြောပါတယ်။
ယူကရိန်းအတွက် လတ်တလော လုံခြုံရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့နဲ့ နောက်ထပ် ရုရှားရဲ့ ရန်စမှုတွေကို တားဆီးဖို့ အနာဂတ်မှာ တပ်ဖွဲ့တခု တည်ဆောက်ရေးကို ဆွေးနွေးဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။
Source-Reuters