အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ မိုးရွာသွန်းလို့ မြေပြိုမှုဖြစ်ပြီး စစ်ဘေးရှောင် မိသားစုဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်တွေက ပြောပါတယ်။
ဇူလိုင် ၂ ရက် အိန္ဒိယစံတော်ချိန် မနက် ၅ နာရီခွဲမှာ ဇမာဘောက်အထက်တန်းကျောင်း ရပ်ကွက်မှာ လူနေအိမ် ၁ လုံး မြေပြိုတဲ့ထဲ ပါသွားတာ ဖြစ်ပါတယ်။
မြေပြိုမှုကြောင့် အသက် ၃၂ နှစ်အရွယ် ပူအိုက်ဇက်ချန်တဲ၊ ဇနီးဖြစ်သူ အသက် ၂၅ နှစ်အရွယ် ပီလဲလ်ရင်းချာနီနဲ့ သူတို့ရဲ့ သမီးဖြစ်သူ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အိုင်ဇောလ်မြို့က မြန်မာစစ်ဘေးရှောင်တဦးက “ဒီရက်ထဲမိုးက တအားရွာနေတာလေ၊ ဒီဘက်က အိမ်တွေကလည်း တောင်ကမ်းပါးမှာဆိုတော့ မြေပြိုတာ များတယ်၊ အခုပါသွားတဲ့အိမ်မှာက မိသားစု ၅ ယောက် နေတာ၊ အဘိုး အဘွား ၂ ယောက်ကတော့ လွတ်သွားတယ်၊ သူ့သားမိသားစုကတော့ မြေပြိုတဲ့အထဲ ပါပြီးမှ ဆုံးသွားတယ်၊ အလောင်းတွေကိုတော့ ပြန်ရှာတွေ့ထားပြီ” လို့ ပြောပါတယ်။
ဇူလိုင် ၃ ရက် မနက်ပိုင်းမှာတင် အိုင်ဇောလ်မြို့ပေါ်ရပ်ကွက် ၄ ခုမှာ လူနေအိမ်နဲ့ လူသွားလမ်း မြေပြိုကျမှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၂၇ ရက်ကလည်း အိုင်ဇောလ်မြို့မှာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး မြေပြိုမှုကြောင့် လူ ၃၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။