Home
မြန်မာသတင်း
ထောင်ချခံရသည့် ရခိုင်သတင်းထောက် ပြန်လွှတ်ပေးရေး CPJ နှင့် IPCM တောင်းဆို
DVB
·
July 3, 2024

ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) သတင်းဌာနရဲ့ သတင်းထောက် ကိုထက်အောင်ကို စစ်ကောင်စီက အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တဲ့အပေါ်  သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) နဲ့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)တို့က ကန့်ကွက်ရှုတ်ချလိုက်ပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆို လိုက်ပါတယ်။

သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီရဲ့ စစ်တွေမြို့နယ်တရားရုံးကနေ ဇွန် ၂၈ ရက်တုန်းက  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာပါ။

CPJ အဖွဲ့ရဲ့ အကြီးတန်း အရှေ့တောင်အာရှဒေသဆိုင်ရာ ကိုယ်စားလှယ်ရှောင် ခရစ္စပင်က “DMG သတင်းထောက် ကိုထက်အောင်ကို မဟုတ်မမှန် အတုအယောင် အကြမ်းဖက်မှု စွဲချက်နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တာဟာ လွတ်လပ်တဲ့ စာနယ်ဇင်း လောကကို ဆန့်ကျင်လိုက်တာ ဖြစ်ပြီး ဒါကို ချက်ချင်း ပြန်ပြောင်းသင့်ပါတယ်။ သတင်းထောက်တွေကို သတင်းပေးပို့ရုံမျှနဲ့ မြန်မာစစ်အစိုးရက နှောင့်ယှက်ဖမ်းဆီးထောင်ချ တာတွေကို ရပ်တန့်ရပါမယ်” လို့ ပြောပါတယ်။

ကိုထက်အောင်ဟာ  ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက် (သီတင်းကျွတ်လပြည့်နေ့) က စစ်တွေမြို့၊ ဝင်္ကပါကွင်းမှာပြုလုပ်တဲ့ ဆွမ်းဆန်စိမ်းလောင်းပွဲကို ဓာတ်ပုံ သတင်းသွားယူနေချိန်မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တာပါ။

အဲဒီလို ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ DMG ရုံးကို ရောက်ရှိလာကာ ညစောင့် ကိုစိုးဝင်းအောင်ကိုပါ ဖမ်းဆီးပြီးတော့ ရုံးအတွင်းက ကင်မရာ၊ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းပြီး ရုံးကိုလည်း ချိတ်ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် သူတို့နှစ်ယောက်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ ၊ အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၂ (က) တို့နဲ့ တရားစွဲဆိုထားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ စွဲချက်အသစ်အရ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) အရ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်တာကြောင့် စွဲချက်နှစ်ခုစလုံးကို အပြစ်ရှိ ကြောင်းတွေ့ရှိပါက ထောင်ဒဏ် ၁၂ နှစ်အထိ ကျခံရနိုင်ဖွယ်ရှိနေတာပါ။

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)ကလည်း ခုလိုနှစ်ရှည်ထောင် ဒဏ်ချမှတ်ခဲ့တာအတွက် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ထားပါတယ်။

ထုတ်ပြန်ချက်မှာတော့ သတင်းမီဒီယာသမားနဲ့ မသက်ဆိုင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ်ချမှတ်ခံရတာဟာ  စစ်ကောင်စီက မတရားမှုကို ကျူးလွန်ခြင်းအဖြစ် IPCM ကရှုမြင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လွတ်လပ်တဲ့ သတင်းမီဒီယာသမားတွေဟာ လွတ်လပ်စွာ ထုတ်ဖေါ်ရေးသားဖို့နဲ့ ပြည်သူလူထုကို သတင်းမှန်တွေ သိပိုင်ခွင့်ရှိအောင် ဆောင်ရွက်နေသူတွေသာဖြစ်ပြီး ဘယ်လိုအကြမ်းဖက်မှုတွေကိုမှ ကျူးလွန်မယ့်သူတွေ မဟုတ်ကြဘူးလို့လည်း ဖော်ပြပါတယ်။

ဒီမတိုင်ခင် ၂၀၂၁ ခုနှစ်တုန်းကလည်း စစ်ကောင်စီဟာ DMG သတင်းဌာနက ဒု-တာဝန်ခံ အယ်ဒီတာနဲ့ သတင်းထောက်တယောက်တို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ထားခဲ့တာဖြစ်ပြီးလက်ရှိအချိန်မှာတော့ DMG သတင်းဌာနက အယ်ဒီတာ ၂ ဦးနဲ့ သတင်းထောက် ၂ ဦး အမှုဖွင့်ခံထားရတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်အခြေစိုက် သတင်းဌာနတွေနဲ့ သတင်းသမားတွေကို စစ်ကောင်စီက အမှုဖွင့်တရားစွဲဆိုမှုတွေ ဆက်တိုက်ရှိလာနေပြီး သတင်း လုပ်ငန်း လုပ်ကိုင်ရာမှာ မလုံခြုံမှုနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတာပါ။

မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လတ်တလောအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထောင်ချခံရသူ သတင်းသမား စုစုပေါင်း ၂၀၀ ကျော်ရှိခဲ့ပြီး  ဒီကနေ့ထိ အကျဥ်းထောင်အသီးသီးမှာ ထောင်ဒဏ် ကျခံနေရဆဲ သတင်းသမား အယောက် ၅၀ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်တဲ့ ၂ဝ၂၄ အညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်အဆိုးဆုံး ၁၀ နိုင်ငံမှာ ဆက်လက်ပါဝင်နေ ပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က အဆင့် ၁၇၃ မှာ ရှိနေရာက ဒီနှစ်မှာတော့ ၂ ဆင့် ထပ်တက်လာကာ အဆင့် ၁၇၁ ကို ရောက်လာပေမဲ့ မြန်မာနိုင်ငံဟာ အီရီထရီးယား၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား၊ အီရန်၊ တာ့ခ်မင်နစ္စတန်၊ ဗီယက်နမ်၊ ဘာရိန်းနဲ့ တရုတ်နိုင်ငံတို့နဲ့အတူ ကမ္ဘာ့အဆိုးဆုံး ၁၀ နိုင်ငံမှာ ပါဝင်နေတာပါ။

ဒါ့အပြင် သတင်းစာလွတ်လပ်ခွင့်ဆုံးရှုံးမှုကလည်း မြန်မာနိုင်ငံမှာ အဆိုးဆုံးအခြေအနေ ရောက်နေပြီး သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု အများဆုံးဖြစ်တဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

တရုတ်နိုင်ငံဟာ သတင်းသမားတွေ ဖမ်းဆီးမှု အများဆုံးနိုင်ငံလို့ဆိုပေမဲ့ ကိန်းဂဏန်း တွေအရကတော့ မြန်မာနိုင်ငံက သတင်းသမားတွေဖမ်းဆီးခံထားရမှုက အများဆုံးဖြစ် နေတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013