Home
မြန်မာသတင်း
မြင်းခြံနှင့် ရေဦး သံဃာတော်များ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်
DVB
·
July 3, 2024

မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းက ရဟန်းသံဃာတော်တွေဟာ ဇူလိုင် ၂ ရက် ညနေမှာ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဒေသခံပြည်သူတွေကလည်း လိုက်ပါ၀န်းရံခဲ့ကြတယ်လို့ သိရပါတယ်။

သပိတ်မှောက်ကံဆောင်ပွဲရဲ့ ဦးဆောင်ရဟန်းတော်တပါးက “တပ်ချုပ်က သူမလုပ်ရဲတာ ဘာမှမရှိဘူးလို့ ပြောတဲ့အတိုင်းပဲ ဘုရားနဲ့တဂိုဏ်းတည်းရှိတဲ့ ရဟန်းသံဃာတော်တွေကို သတ်လာပြီ။ လူမျိုးရေးအရလည်း ကိုယ့်လူမျိုးကို ကိုယ်ပြန်သတ်လာပြီ။ ဘာသာရေးအရလည်း ဗုံးကြဲခံရတဲ့ ဘုန်းတော်ကြီးကျောင်းတွေ မနည်းတော့ဘူး။ သာသနာဆိုတာ အဆုံးအမ။ ဘုရားရှင်ရဲ့ အဆုံးအမနဲ့မညီတဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့သူတွေကို ဘုရားရှင် ဟောတော်မူခဲ့တဲ့အတိုင်း အခုလို ရဟန်းတော်တွေ ပတ္တနိက္ကုဇ္ဇနကံဆောင်လိုက်ကြတာပဲ ဖြစ်ပါတယ်” လို့ DVB ကို မိန့်ပါတယ်။

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ပွဲမှာ ရဟန်းသံဃာတော်တွေက စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်နဲ့ ဆက်နွှယ်သူတွေကို အဆက်အဆံ မပြုလုပ်ကြဖို့ တညီတညွတ်တည်း ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ဆိုပါတယ်။

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ မန္တလေးမှာ ကျင်းပမယ့် ရွှေကျင်နိကာရသံဃအစည်းအဝေးတက်ဖို့ သွားရောက်စဥ် စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှု​ကြောင့် ဇွန် ၁၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့ရပြီးနောက်ပိုင်း သံဃာတော်တွေဟာ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်ပြီး လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ပြုလုပ်လာကြတာလည်း ဖြစ်ပါတယ်။

ရဟန်းသံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်ပြီး လမ်းပေါ်ထွက် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ပွဲမှာ ဒေသခံပြည်သူတွေလည်း ၀န်းရံပြီးပူးပေါင်း ပါ၀င်လာကြတယ်လို့ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက  “သပိတ်မှောက်ကံဆောင်ပြီး ချီတက်ဆန္ဒထုတ်ဖော်ကြတဲ့ ရဟန်းသံဃာတော်တွေနဲ့ ၀န်းရံ ပြည်သူ ၂၀၀ လောက်ကို အန္တရာယ်ကင်းစေဖို့ လိုက်ပါပြီး လုံခြုံရေးတာ၀န်ယူ ဆောင်ရွက်ပေးခဲ့ကြပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားခဲ့ပါတယ်” လို့ ​ပြောပါတယ်။

အဆိုပါ ကံဆောင်ဆန္ဒထုတ်ဖော်ပွဲကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်ကြတဲ့ မြင်းခြံခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၃၊ တပ်ရင်း ၈ နဲ့ မလှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အပါအ၀င် မြင်းခြံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက လုံခြုံရေး တာ၀န်ဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းက သံဃာတော်တွေကလည်း ဇူလိုင် ၂ ရက် ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ရေဦးမြို့ပြည်သူတဦးက “မင်းအောင်လှိုင် စစ်တပ်ကတော့ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ် နေရုံတင်မကတော့ဘဲ အခုဆိုရင် နိုင်ငံတော်အဆင့်ရှိတဲ့ ဘုန်းကြီးကိုပါ သတ်ဖြတ်လာတယ်။ ဓမ္မ နဲ့ အဓမ္မကိုခွဲခြားနိုင်ဖို့  သံဃာတရပ်လုံး လိုအပ်လာပြီ” လို့ ပြောချင်ပါတယ်။

သပိတ်ဦးဆောင်ဆရာတော်တပါးက “ဦးဇင်းတို့ နယ်မြေလုံခြုံရေးအရ တမြို့နယ်လုံး စုစုဝေးဝေး မလုပ်ဘဲ အနီးဝန်းကျင်ဘုန်းကြီးတွေ စုပေါင်းပြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်ခဲ့တာပါ။ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ဆိုတာလည်း ဒါယိကာတို့ သတင်းတွေမှာလည်း ပါပြီးသားဆိုတော့ အကျယ်ပြောဖို့ မလိုတော့ လောက်ပါဘူး” လို မိန့်ပါတယ်။

ရေဦးမြို့နယ်အတွင်း  ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ကို သံဃာ ၁၄ ပါးနဲ့ သပိတ်ပြုလုပ်ခဲ့ပြီး ညနေ ၅ နာရီမှာ သပိတ်ပြီးဆုံးသွားတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ပဲခူးမြို့၊ ၀င်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ပျံတော်မူသွားပြီးတဲ့နောက် ဇွန် ၂၃ ရက်မှာ ချောင်းဦးမြို့နယ်က သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်မှုစတင်ပြီး ဒီပဲယင်း၊ တန့်ဆည်၊ ဆားလင်းကြီး၊ စစ်ကိုင်း၊ မြိုင်၊ မုံရွာ၊ပခုက္ကူ၊ ၀က်လက်၊ ဘုတလင်၊ အရာတော်၊ မြင်းမူ၊ ထား၀ယ်၊ ပေါက်၊ ရေဦး နဲ့ မြင်းခြံမြို့နယ်တွေက ရဟန်းသံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနသပိတ်မှောက် ကံဆောင်ခဲ့ကြပါတယ်။

အခုကံဆောင်သပိတ်မှောက်ပွဲမှာ တောင်သာမြို့နယ်က ရဟန်းသံဃာတော်တွေလည်း ပါ၀င်လာခဲ့တာကြောင့် စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင်တဲ့ မြို့နယ်ပေါင်း ၁၇ မြို့နယ်အထိရှိလာပြီလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013