တနင်္သာရီတိုင်း မြိတ်ခရိုင်ထဲက မြို့နယ်၂ ခုမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အဆောက်အအုံတချို့ ပျက်စီးကာ ကလေးငယ် ၁ ဦး ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၂ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်လောက်က တနင်္သာရီမြို့နယ်ရှိ အရှေ့သာရဖုံရွာ၊ အနောက်သာရဖုံရွာနဲ့ကို စစ်ကောင်စီက ရဟတ်ယာဉ် တစီးနဲ့ ဗုံးသီး ၈ လုံးခန့်လာ ကြဲသွားခဲ့ပြီး တဆက်တည်း ကျွန်းစုမြို့နယ်၊ ဝါရစ်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် အနောက်သာရဖုံရွာက အသက် ၁၅ နှစ်အရွယ် ကျောင်းသား ၁ ဦးမှာ နေအိမ်ရှေ့ ဗုံးသီးကျရောက်ပေါက်ကွဲသွားပြီး အစထိမှန်ကာ ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ အိမ်နီးချင်း အမျိုးသား တဦးက ပြောပါတယ်။
“ရွာထဲ လမ်းမကြီးပေါ်ကျတော့ လမ်းဘေးက အိမ်တွေ စင်တယ်။ ကလေးတယောက်က အိမ်ရှေ့ လမ်းမပေါ်ကျတော့ ကွဲထက်ပြီး လာထိတယ်။ ကျနော်တို့နေတဲ့ အိမ်အလွန်ကနေ စကြဲတာပါ။ ကလေးက ပေါက်ထွက်ပြီး ပြန်လာစင်တာပါ။ လက်နှစ်ဖက်လုံးမှာ ဒဏ်ရာ၅ ချက်လောက် ရှိတယ်။”
အဲဒီမတိုင်ခင် စစ်တပ် လေကြောင်း ပျံသန်းလာတာကို သိရှိထားရတာကြောင့် အနောက်သာရဖုံ စာသင်ကျောင်းမှာ စာသင်ကြားနေတဲ့ ကျောင်းသားတွေကို နေအိမ်တွေဆီ ပြန်လွှတ်လိုက်တယ်လို့ ဆိုပြီး နေ့လည်လောက်မှာ ကျေးရွာထဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ကျောင်းဆရာတဦးက ပြောပါတယ်။
"စာဖြေနေတာဆိုတော့ ကျောင်းမှာတော့လူ အားလုံးစုံနေပြီ။ မနက် ၉ နာရီလောက်တည်းက အကုန်ပြန်လွှတ်လိုက်တယ်။ အိမ်မှာပဲ အကုန်လုံးကရှိနေကြတယ်။ လာကြဲတာ ကျောင်းကို မကျဘူး။ ရွာထဲနဲ့ ဘုန်းကြီးကျောင်းနားကို ကျတယ်။”
ဒဏ်ရာရတဲ့ကျောင်းသားကို လက်ရှိ ရွာမှာပဲ ဆေးကုပေးနေပြီး စိုးရိမ်ရတဲ့အခြအနေ မရှိဘူးလို့ သိရပါတယ်။
စစ်တပ်က တနင်္သာရီမြို့နယ်ထဲကို အခုနှစ်ဇွန်လ ဒုတိယအပတ်လောက်မှာ လေကြောင်း တိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်လာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။