ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ မြုံပြင်ရွာမှာ ဇူလိုင် ၂ ရက် မနက်စောပိုင်း ၁ နာရီလောက်က စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၅ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ်။
လေကြောင်းဗုံးကြဲမှုကြောင့် မြုံပြင်ကျေးရွာက မကြည်ဖြူခင် (၁၈ နှစ်)၊ မယုယမြင့်မွန် (၁၄ နှစ်)၊ မဝေဝေထွေး (၂၁ နှစ်)၊ ဒေါ်မြလေးစိန်(၄၅နှစ်)နဲ့ ဒေါ်သိန်းဟန် (၇၆ နှစ်) တို့မှာ ဗုံးစထိမှန်ဒဏ်ရာတွေရရှိခဲ့တာ ဖြစ်ပါတယ်။
ဒေသခံရွာသားတဦးက “ကျနော်တို့ရွာက လက်ရှိတိုက်ပွဲတွေ ဖြစ်နေတဲ့နေရာနဲ့ ဘာမှမသက်ဆိုင်ဘဲ စစ်တပ်က လေယာဥ်နဲ့ ဗုံးလာကြဲသွားလို့ ရွာထဲကအမျိုးသမီး ၅ ဦး ဗုံးစထိပြီး ပြင်းထန်ဒဏ်ရာရခဲ့တာပါ။ အိမ်တွေလည်း ပျက်စီးကုန်ပြီ။ လောလောဆယ် အခြေအနေက ဆေးဝါးတွေလည်း ပြတ်လပ်နေတော့ အခက်အခဲဖြစ်တာပေါ့” လို့ ပြောပါတယ်။
မြုံပြင်ရွာဟာ သံတွဲမြို့အနောက်ဘက် ၃ မိုင်ခန့်အကွာ သံတွဲ-တောင်ကုတ် ကားလမ်းမပေါ် တည်ရှိပြီး အိမ်ခြေ ၁၆၀ ဝန်းကျင်နဲ့ လူဦးရေ ၃၀၀ ကျော် နေထိုင်ကြကြောင်း သိရပါတယ်။
ဒါ့အပြင် သံတွဲမြို့ရှိ ခလရ (၅၅) ကို အာရက္ခတပ်တော် (AA)က ငပလီမြို့ရှောင်လမ်းဘက်က ပတ်ကာ ဇူလိုင် ၂ ရက်မှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဉ်တွေနဲ့ စစ်ကူပေးနေပါတယ်။