ယူကရိန်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘယ်လာရုစ်မှာ တိုက်ပွဲတွေ အဖြစ်မခံနိုင်ဘူးလို့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုရဲ့ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင်ဘယ်လ်တာ သတင်းအေဂျင်စီက ဇူလိုင် ၂ ရက်က ဖော်ပြပါတယ်။
ယူကရိန်းနယ်စပ်မှာ ဘာတိုက်ပွဲမှ ဖြစ်လာမှာ မဟုတ်သလို ဖြစ်စရာလည်း မလိုကြောင်း ဘယ်လာရုစ်လွတ်လပ်ရေးနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောတဲ့အထဲ ထည့်ပြောသွားတာပါ။
ယူကရိန်းအတွက်တော့ စစ်မြေပြင်အခြေအနေက ပိုဆိုးလာတယ်လို့လည်း လူကာရှန်ကိုက ပြောဆိုပါတယ်။
ရှေ့တန်းရဲ့ နောက်ထပ် ကီလိုမီတာ ၁၅၀၀ အကွာအဝေးကို ဖွင့်ဖို့လိုအပ်ပြီး ဘယ်လာရုစ်နဲ့ ရုရှားတွေအတွက် ဒီနယ်စပ်ကို ပိတ်ဖို့ လွယ်မှာမဟုတ်ကြောင်းနဲ့ ဒါပေမဲ့ ဒီနယ်စပ်ကို ထိန်းထားဖို့က ယူကရိန်းနိုင်ငံသားတွေအတွက် ပိုရှုပ်ထွေးသွားလိမ့်မယ် လို့လည်း ဆိုပါတယ်။
ယူကရိန်းနဲ့နယ်စပ်မှာ ယူကရိန်းရဲ့ မောင်းသူမဲ့လေယာဉ် လှုပ်ရှားမှု တိုးလာခြင်းကြောင့် အရေးပါတဲ့ အခြေခံအဆောက်အဦတွေကို ကာကွယ်ဖို့အတွက် ယူကရိန်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့နေရာတွေကို လေကြောင်းရန်ကာကွယ်ရေးတပ်တွေ ထပ်တိုးချထားတယ်လို့ ဘယ်လာရုစ်က ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောပါတယ်။