သြစတြေးလျရဲတပ်ဖွဲ့ဟာ ဇူလိုင် ၂ ရက်မနက်ပိုင်းက ဆစ်ဒနီတက္ကသိုလ်မှာ ဓားထိုးမှုတခု ဖြစ်ပွားခဲ့ပြီးနောက်မှာ အသက် ၁၄ နှစ်အရွယ် ကောင်လေးတဦးကို ဖမ်းဆီးထားကြောင်း ပြောကြားခဲ့ပြီး အဲဒီဖြစ်ရပ်ကြောင့် ရဲတပ်ဖွဲ့က မှုခင်းဖြစ်ပွားရာ တက္ကသိုလ်အဆောက်အဦတွေကို ပိတ်ဆို့ထားပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ ဓားထိုးခံရတဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသားကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး သူ့အခြေအနေဟာ အခုတော့ တည်ငြိမ်သွားပြီလို့ နယူးဆောက်ဝေးလ်ပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁ ရက် မနက် ၈ နာရီခွဲကျော်လောက်မှာ အသက် ၂၂ နှစ်အရွယ် ကျောင်းသားတဦး လည်ပင်းမှာ မီးဖိုချောင်သုံးဓားနဲ့ ထိုးခံခဲ့ရလို့ ဆစ်ဒနီတက္ကသိုလ်ကို လာခဲ့ဖို့ အရေးပေါ်ဌာနကို အကြောင်းကြားခဲ့ကြောင်းနဲ့ အခင်းဖြစ်ပွားရာနေရာကနေ ကာကွယ်ရေးတပ်ဖွဲ့ ယူနီဖောင်းကို ရုပ်ဖျက်ဝတ်ဆင်ထားသူ လူငယ်တဦးထွက်ပြေးသွားခဲ့ကြောင်း နယူးဆောက်ဝေးလ်ပြည်နယ် ရဲတပ်ဖွဲ့ အကြမ်းဖက်မှုတန်ပြန်ရေး လက်ထောက်ကော်မရှင်နာ မာ့ခ်ဝေါ်လ်တန်က ရှင်းလင်းပြော ပါတယ်။
အခင်းဖြစ်ပွားပြီးနောက်မှာ တိုက်ခိုက်သူလို့ သံသယရှိသူဟာ ဘတ်စ်ကားစီးခဲ့ပြီး မင်းသားအဲလ်ဘတ်ဆေးရုံမှာ လက်ကိုဒါးရှတဲ့ ဒဏ်ရာတွေကို ကုသခံခဲ့ကြောင်းနဲ့ သူ့ကို ဆေးရုံအနီးမှာ ဖမ်းဆီးမိခဲ့ပြီး လက်ရှိမှာ သူ့ကို စိတ်ကျန်းမာရေးအကဲဖြတ်မှု ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ ရပ်ရွာအတွက် အန္တရာယ်မရှိကြောင်းနဲ့ ကျူးလွန်ခံရသူနဲ့ တိုက်ခိုက်သူတို့ဟာ အချင်းချင်း မသိရှိကြကြောင်းလည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဓားထိုးမှု ကျူးလွန်ခဲ့တဲ့ ၁၄ နှစ်သား ကောင်လေးရဲ့ ရည်ရွယ်ချက် သို့မဟုတ် ခံယူချက်ကို သေချာမရှင်းလင်းရသေးပေမဲ့ လူငယ်တွေကို အွန်လိုင်းမှာ ယုံကြည်မှုနဲ့ယူဆချက်တွေ အစွန်းရောက်အောင် လုပ်ဆောင်နေကြတဲ့ အထောက်အထားတွေ တိုးလာမှာကိုတော့ စိုးရိမ်ကြောင်း နယူးဆောက်ဝေးလ်ပြည်နယ် ရဲတပ်ဖွဲ့ ကပြောပါတယ်။
Source-Reuters