ရုရှားဟာ ယူကရိန်းနိုင်ငံအလယ်ပိုင်း ပိုလ်တာ့ဗာဒေသရှိ မီးရ်ဟိုရော့ဒ် လေယာဉ်ကွင်းမှ Iskander-M ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ SU-27 ယူကရိန်းတိုက်လေယာဉ် ၅ စီးကို ဖျက်ဆီးခဲ့ပြီး နောက်ထပ် ၂ စီးလည်း ပျက်စီးသွားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂ ရက်မှာ ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက လေယာဉ်ကွင်းတခုမှ မီးခိုးတွေနဲ့ မီးတောက်တွေ ထွက်ပေါ်နေတဲ့ တိုက်ခိုက်မှု ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပြီး ရုရှားရဲ့ တိုက်ခိုက်မှုရလဒ်ကြောင့် သုံးနေဆဲ SU-27 ဘက်စုံသုံး တိုက်လေယာဉ် ၅ စင်းကို ဖျက်ဆီးပစ်ခဲ့ပြီး တခြား ၂ စင်းလည်း ပျက်စီးခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမဲ့ ဘယ်အချိန်တုန်းက ဆိုတာတော့ မပြောသွားပါဘူး။
ယူကရိန်းကလည်း လေယာဉ်ကွင်းကို တိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့တယ်လို့ ပြောဆိုပေမဲ့ ပျက်စီးဆုံးရှုံးမှုကို ရုရှားက ချဲ့ကားပြောဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဘာတွေပျက်စီးသွားတယ် ဆိုတာကိုတော့ ယူကရိန်းက အတိအကျ မပြောခဲ့ပါဘူး။
ယူကရိန်းလေတပ်မှ အရာရှိ ယူရီ အီနတ်ထ် ကလည်း မီးရ်ဟိုရော့ဒ် လေယာဉ်ကွင်း တိုက်ခိုက်ခံရပြီး ဆုံးရှုံးမှုရှိပေမဲ့ ရန်သူပြောသလို တခုမှမဟုတ်မှန်ကြောင်း ပြောဆိုခဲ့ပါတယ်။
သူတို့ဟာ စပြီး ကျူးကျော်ခဲ့ချိန်ကတည်းက ဒီလိုပဲ အပိုတွေပြောနေတာလို့ တနင်္လာနေ့ နှောင်းပိုင်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။
ရုရှားကင်းထောက်ဒရုန်းတစီးကလည်း တိုက်ခိုက်မှုကို ကူညီဆောင်ရွက်ဖို့ လေယာဉ်ကွင်း အထက်မှာ ပျံသန်းနေခဲ့တယ်လို့ ယူကရိန်းစစ်တပ် ဘလော့ဂါတွေကလည်း သတင်းပေးပို့ခဲ့ပါတယ်။
ကင်းထောက်ဒရုန်းတွေဟာ ဆိုးဆိုးရွားရွား ခြိမ်းခြောက်မှုတခုဖြစ်ပြီး ဒရုန်းတွေကို ဖျက်ဆီးပစ်ဖို့ လုံလောက်တဲ့နည်းလမ်း မရှိဘူးလို့ ယူကရိန်း လေတပ်အရာရှိ အီနတ်ထ်က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
ဒရုန်းတွေက ပျံသန်းရင်းနဲ့ အရာအားလုံးကို အချိန်နဲ့တပြေးညီ သတင်းပို့တာဖြစ်ပြီးတော့ မိနစ်အနည်းငယ်အတွင်းမှာပဲ ဒုံးကျည်လည်း ရောက်လာတာပဲလို့လည်း ဆိုပါတယ်
မော်စကိုက ဖျက်ဆီးပစ်မယ်လို့ ကတိပြု ကြွေးကြော်ထားတဲ့ ပထမဆုံး အမေရိကန် ဒီဇိုင်းထုတ် F-16 တိုက်လေယာဉ်တွေကို ကိယက်ဗ်က လက်ခံရယူဖို့ ပြင်ဆင်နေချိန်မှာပဲ ရုရှားဟာ ယူကရိန်း လေယာဉ်ကွင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
Source-Reuters