Home
မြန်မာသတင်း
သန်လျင်တံတားအသစ်တွင် EV ကားများကို ဖြတ်သန်းခွင့်မကောက်
DVB
·
July 2, 2024

ရန်ကုန်မှာ အသစ်ဖွင့်ထားတဲ့ ပဲခူးမြစ်ကူးတံတား  သန်လျင်တံတားအမှတ် ၃ မှာ EV ကားတွေကို ယာဉ်ဖြတ်သန်းခ မကောက်ခံဘူးလို့ ရန်ကုန်မြို့က မော်တော်ယာဉ်မောင်းတွေက ပြောပါတယ်။

သန်လျင်တံတား အမှတ် ၃ ကို ဇွန် ၈ ရက် မနက်ပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့ပြီး တံတားဖြတ်သန်းခကို ဇွန် ၁၆ ရက်မှာ စတင်ကောက်ခံခဲ့ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံဖြိုး တင်သွင်းခွင့်ရရှိထားတဲ့ EV မော်တော်ယာဉ်တွေကိုတော့ ဖြတ်သန်းခကောက်ခံတာ မရှိဘူးလို့ မော်တော်ယာဉ်မောင်းတွေက ပြောပါတယ်။

မော်တော်ယာဉ်မောင်းတဦးက “ကျနော့်ကားက Mazda CX 5 2014 ပါ။ EV ကားနဲ့ နည်းနည်းဆင်တယ်။ အဲဒီတံတားက ဂိတ်ကိုဖြတ်တော့ အစ်ကို့ကားက EV ကားလားမေးတော့၊ ဆီကားပါလို့ ပြောလိုက်တယ်။ အဲဒါဆိုရင် ၅၀၀ ပေးရပါမယ်ဆိုပြီး ပြောတယ်။ သိချင်တာနဲ့ EV ကားဆိုရင် ဘာဖြစ်လို့လဲ မေးကြည့်တော့ EV ဆိုရင် ဖြတ်သန်းခ မကောက်ပါဘူးလို့ ပြန်ပြောတယ်” လို့ ပြောပါတယ်။

သန်လျင်တံတားသစ် အသုံးပြုခ ကောက်ခံနှုန်းထားတွေကတော့ အိမ်စီးကား ၃ တန်အောက် တစီးကို ၅၀၀ ကျပ်၊ ခရီးသည်တင်ယာဉ်(ငယ်) ဟိုင်းလတ်၊ လိုက်ထရပ်၊ ဒိုင်နာ၊ ကင်တာ ယာဉ်တွေကို ၁,၀၀၀ ကျပ်၊ မီနီဘတ်စ်၊ ခရီးသည်တင်ယာဉ်(ကြီး) ဟီးနိုး၊ ဟွန်ဒိုင်း ယာဉ်တွေကို ၂,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ၆ ဘီး၊ ၈ ဘီး စတဲ့ ကုန်တင်ယာဉ်ငယ်တွေကို ၄,၀၀၀ ကျပ်နဲ့ တန်ပိုဒဏ်ကြေး ၁၂,၀၀၀ ကျပ်၊ ကုန်တင်ကား(ကြီး) ၁၀ ဘီး၊ ၁၂ ဘီး၊ ၁၄ ဘီး၊ တွဲကားတွေကို ၁၂,၀၀၀ ကျပ်နဲ့ တန်ပိုဒဏ်ကြေး ၂၂,၀၀၀ ကျပ်၊ ကုန်တင်တွဲကား ၁၈ ဘီး၊ ၂၂ ဘီး တွဲကားတွေကို ၂၂,၀၀၀ ကျပ်နဲ့ တန်ပိုကြေး ၆၆,၀၀၀ ကျပ်၊ ကုန်မပါ တွဲကားတွေကို ၄,၀၀၀ ကျပ် ကောက်ခံနေပါတယ်။

သာကေတမြို့က အငှားယာဉ်မောင်းတဦးက “ကျနော်တို့ကတော့ အလျင်မလိုဘူးဆိုရင် တံတားဟောင်းကပဲ သွားတယ်။ ဒီကောင်တွေကို ပိုက်ဆံမပေးချင်ဘူး။ EV ကားတွေ ယာဉ်ဖြတ်သန်းခ မပေးရရင် တခြားကားတွေလည်း မပေးခိုင်းနဲ့ပေါ့။ အခုဆို တံတားသစ်ဖွင့်တော့ တံ‌တားဟောင်းဘက်က လမ်းနည်းနည်းချောင်တယ်။ တံတားက မီးပွိုင့်မှာ စောင့်ရတာလောက်ပဲ ရှိတော့တာ။ အဲဒီကောင်တွေဖွင့်တဲ့ တံတားက မသွားချင်လို့ကို တံတားဟောင်းကပဲသွားတာ” လို့ ပြောပါသေးတယ်။

သန်လျင်တံတား အမှတ် ၃ တည်ဆောက်နိုင်ရေးအတွက် NLD အစိုးရလက်ထက် JICA ချေးငွေနဲ့ ၂၀၁၉ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်နိုင်ငံက အကူအညီတွေ ရပ်ဆိုင်းသွားခဲ့ပြီး စစ်ကောင်စီက ကျပ် ၄၆ ဘီလီယံကျော် ထည့်ဝင် တည်ဆောက်ခဲ့ရတယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လျှပ်စစ်ရထားနဲ့ လျှပ်စစ်ကား အသုံးပြုမှုကို နိုင်ငံတော်စီမံကိန်းတရပ် အနေနဲ့ လုပ်ဆောင်နေပြီး လျှပ်စစ်ကားတင်သွင်းခွင့် တင်ဒါတွေ အားလုံးကိုတော့ ကုမ္ပဏီ ၂၆ ခုတည်းက အားလုံးနီးပါးကို သူ့ရဲ့သားဖြစ်သူက အနိုင်ရရှိထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013