Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စားအုန်းဆီ ၁ ပိဿာ ၁၉၅၀၀ အထိ ဈေးမြင့်တက်
DVB
·
July 3, 2024
Photo - Nyo Tu

ဧရာဝတီတိုင်းမှာ စားအုန်းဆီ ၁ ပိဿာကျပ် ၁၉,၅၀၀ အထိ ဈေးပေါက်နေပြီး ဆီကို လိုအပ်သလောက် ဝယ်မရတာကြောင့် အခက်အခဲကြုံနေကြတယ်လို့ စားသုံးသူတွေနဲ့ ဈေးကွက်က သိရပါတယ်။ 

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်လောက်က စားအုန်း ဆီ ၁ ပိဿာကျပ် ၉,၅၀၀ အထိသာ ဈေးရှိခဲ့ပြီး တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ လက်ရှိမှာတော့ စားအုန်းဆီ ၁ ပိဿာကို ကျပ် ၁၉,၅၀၀ အထိ ဈေးတက်လာတာလို့ ဆိုပါတယ်။ 

ပုသိမ်မြို့မှ စားသောက်ကုန် လုပ်ငန်းရှင်တဦးက “စားသောက်ဆိုင်ကြီး တဆိုင်ကို ဆီ ၁ ပိဿာတဲ့ ဘာမှလုပ်မရဘူး။ ဆီက ဈေးအဆမတန်ထိုးတက်လာတဲ့အပြင် ဝယ်လို့ပါမရတာ။ တရက်တာ ချက်ပြုတ်ရောင်းချဖို့ လိုအပ်လို့ ၅ ပိဿာလောက်တောင်းဝယ်တာ ရကိုမရဘူး။ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ဈေးတက်ပြီး ပြန်မကျတဲ့အထဲမှာ စားအုန်းဆီနဲ့ စက်သုံးဆီက ထိပ်ဆုံးကပဲ” လို့ ပြောပါတယ်။ 

ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ အခြေခံပြည်သူတွေ သက်သာတဲ့နှုန်းထားနဲ့ ဆီဝယ်ယူသုံးစွဲနိုင်ဖို့ဆိုပြီး ဆီ ၁၀ သားကို ကျပ် ၆၀၀ သတ်မှတ်ရောင်းချတာရှိပေမဲ့ ဆီ ၁၀ သားရဖို့ ၂ ရက်အထိ တန်းစီတိုးကြိတ်ဝယ်နေရတယ်လို့ ကျိုက်လတ်မြို့ခံ ပြည်သူတဦးက ပြောပါတယ်။

“စားအုန်းဆီလေး ဈေးသက်သက်သာသာနဲ့ရဖို့ အလုပ်ပျက်ခံပြီး မြို့ပေါ်တက်သွားဝယ်တာ ဆီ ၁၀ သားကို ၂ ရက်တန်းစီဝယ်ရတယ်။ ၁၀ သားရခဲ့တယ်၊ အခုတော့ဖျားနေပြီ။ အကြွေ ၆၀၀ အရန်သင့် လုပ်မလာရင် ရောင်းပေးတဲ့သူတွေက ပြောဆို အဟောက်ခံရသေးတယ်။ အခုတော့  ၂ ရက်တောင် တန်းစီရလို့ ဖျားနေပြီ။ တချို့ဆို ဆီတောင် မစားနိုင်တော့ပါဘူး၊ ရေလုံပြုတ်ပဲ စားတော့တယ်။” 

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက် စားအုန်းဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဇူလိုင် ပထမ အပတ်မှာ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအဖြစ် စားအုန်းဆီ ၁ ပိဿာကို ကျပ် ၄,၀၀၀ ကျော်သာ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ 

စားသောက်ကုန် ရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးက “စားအုန်းဆီကို ရောင်းတောင်မရောင်းချင်ဘူး၊ မရောင်းလို့ မဖြစ်လို့ရောင်းနေတာ။ တခြားကုန်တွေကိုပဲ အရောင်းအဝယ်လုပ်ချင်တော့တယ်။ အခုရက်ထဲ စားအုန်းဆီတွေ ဈေးနှုန်းများ ပြန်တက်လာတာ ဟုတ်တယ်။ သတ်မှတ်တဲ့ ဈေးအတိုင်း ဘယ်လိုမှ ရောင်းလို့မကိုက်လို့ ပြင်ပပေါက်ဈေးက အခုလိုနဲ့ရောင်းနေရတာ။ ဧရာဝတီတိုင်းကို ဆီဝယ် ယူတင်သွင်းရတဲ့ ကုန်ကျစရိတ်က အရမ်းများလွန်းနေတယ်။ ဆီက လိုသလောက်မရသေးတဲ့ အပြင် မရောင်းတော့လည်း အဖမ်းခံရမယ့်ဘေးနဲ့ ကြုံနေတာ။ စစ်တပ်က အာဏာသိမ်းပြီးကတည်းက စီးပွားရေးလုပ်ရတာ အဆင်ပြေတဲ့နေ့မရှိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက ဧရာဝတီတိုင်းမှာ စားအုန်ဆီဈေး ထိန်းချုပ်ဖို့၊ ပြည်ပကနေ ဆီမတင်သွင်းရအောင်လို့ဆိုပြီး စပါး စိုက်နေကျ လယ်မြေတွေမှာ ဆီထွက်သီးနှံ နေကြာကို မဖြစ်မနေ ဖိအားပေးစိုက်ခိုင်းတာတွေရှိပေမဲ့ မအောင်မြင်ဘူးလို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။ 

ဧရာဝတီတိုင်းမှာ နှစ်အလိုက် အုန်းဆီဈေးနှုန်းမှာ ၂၀၂၀ ပြည့်နှစ်က ၁ ပိဿာ ကျပ် ၂၃၀၀၊ ၂၀၂၁ ခုမှာ ကျပ် ၅,၈၀၀၊ ၂၀၂၂ ခုမှာ ကျပ် ၇,၅၀၀ ၊၂၀၂၃ ခုမှာ ကျပ် ၁၂,၀၀၀ မှ ၁၂.၅၀၀၊ လက်ရှိ ၂၀၂၄ ခု ဇူလိုင်လအထိ စားအုန်းဆီ ၁ ပိဿာ ၁၉,၅၀၀ အထိ အမြင့်ဆုံးဈေး ဖြစ်ပေါ်နေတယ်လို့ စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013