မြန်မာပြည်တခြားဒေသတွေမှာတိုက်ပွဲတွေဖြစ်ပွားနေချိန် ရန်ကုန်မြို့ကို ရွှေ့ပြောင်းလာသူတွေ များလာတာနဲ့အမျှ တိုက်ခန်းငှားခတွေလည်း ဆက်တိုက်မြင့်တက်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရသူတွေဆီက သိရပါတယ်။
ရန်ကုန်မြို့တိုက်ခန်းအငှား စျေးနူန်းမှာ ၃ နှစ်တာကာလအတွင်း နှစ်ဆနီးပါးမြင့်တက်သွားခဲ့ပြီး အခန်းလွတ်ရဖို့ မလွယ်တဲ့အခြေအနေဖြစ်နေတယ်လို့ တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
"တခါမှမကြားဖူးတဲ့ ၆ လွှာအပေါ်ဆုံးထပ်တောင် တလ ကျပ် ၂ သိန်းအထိ စျေးခေါ်တာတွေ ပါရှိလာတယ်။ အခန်းရရင်ပြီးရောဆိုပြီးငှားတဲ့သူကလည်းရှိနေတော့ အိမ်ရှင်တွေနဲ့ပွဲစားတွေက မဖြစ်နိုင်တဲ့စျေးတွေ စွတ်ခေါ်နေကြတယ်။”
လက်ရှိမှာ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မြန်မာပြည်အလယ်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကြောင့် ရန်ကုန်မြို့ကို တိမ်းရှောင်လာသူတွေရှိနေခဲ့တာကြောင့်လည်း တိုက်ခန်းအငှားစျေးကွက် ရိုက်ခတ်လာစေတယ်လို့ တိုက်ခန်းဝယ်/ ငှားအကျိုးဆောင်လုပ်နေသူ တချို့က ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှ အကျိုးဆောင်တဦးက "စစ်ပွဲတိမ်းရှောင်ပြီး ရောက်လာတဲ့သူတွေရော နိုင်ငံခြားထွက်ဖို့ လာပြင်ဆင်တဲ့သူတွေက များလာတာ။ ဒီကြားထဲ ကျပ်ငွေတန်ဖိုးကျပြီး ကုန်စျေးနှုန်းတက်တော့ တိုက်ခန်းစျေးတွေကပါ လိုက်တက်ပြန်ရော။ တက်ရတဲ့အကြောင်းရင်းက စုံနေတာ"လို့ ပြောပါတယ်။
လက်ရှိ ရန်ကုန်မြို့က တိုက်ခန်းအငှားစျေးအနေနဲ့ မြေညီကို နေရာနဲ့ လမ်းအပေါ်မူတည်ပြီး အနည်းဆုံး ကျပ် ၃ သိန်းခွဲကနေ ၅ သိန်းနီးပါးရှိပြီး ကျန်အခန်းတွေအနေနဲ့ အထပ်အမြင့်ပေါ်မူ တည်ပြီး အနည်းဆုံးကျပ် တသိန်းခွဲအထက်ရှိနေတယ်လို့ အိမ်ငှားစျေးကွက်က နေသိရပါတယ်။
အဲဒီလို စျေးဆက်တိုက်မြင့်တက်နေတာကြောင့် လက်ရှိငှားရမ်းနေထိုင်သူတွေအနေနဲ့လည်း စာချုပ်ပြည့်တိုင်းစျေး ထပ်တိုးပေးရတာတွေရှိနေတယ်လို့ ဆိုပါတယ်။
အခုလို တိုက်ခန်းအငှားစျေးနဲ့ အထွေထွေကုန်စျေးနူန်းမြင့်တက်နေပေမဲ့ အလုပ်သမားတွေရဲ့ လုပ်အားခ တိုးမြင့်မလာတာကြောင့် ကျပ်တည်းမှုတွေ ပိုမိုဖြစ်လာနေတယ်လို့လည်း အိမ်ငှားတွေက ပြောပါတယ်။