Home
မြန်မာသတင်း
သမ္မတဟောင်း ဦးသိန်းစိန်၏ တရုတ်နိုင်ငံခရီးစဉ် အောင်မြင်မှုမရှိဟု သုံးသပ်
DVB
·
July 3, 2024

သမ္မတဟောင်းဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း မြန်မာ့အရေးဆွေးနွေးမှုတွေဟာ အောင်မြင်မှုမရှိတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ပြင်းထန်လာတာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ဖိတ်ကြားမှုနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကို သွားရောက်ခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံဆွေးနွေးမှုရှိခဲ့တယ်လို့ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ပေမယ့် ဘာတွေ ဆွေးနွေးကြသလဲဆိုတာကိုတော့ အသေးစိတ် မပြောဆိုခဲ့ပါဘူး။

ဒီတွေ့ဆုံမှုဟာ တရုတ်နယ်စပ်က တိုက်ပွဲတွေနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်ရေး အပါအဝင် မြန်မာနိုင်ငံထဲမှာ လက်နက်ကိုင်တော်လှန်ရေး အရှိန်တန့်ဖို့နဲ့ စစ်ကောင်စီက လုပ်ဆောင်မယ့် ရွေးကောက်ပွဲအကြောင်းတွေကို ဆွေးနွေးနိုင်တယ်လို့ စစ်ကောင်စီနဲ့ရော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ပါ နီးစပ်တဲ့ နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်ပြောဆိုပေမယ့် ဆွေးနွေးပွဲရလဒ်ဟာ အောင်မြင်ခဲ့ပုံ မရဘူးလို့လည်း ပြောပါတယ်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတဦးက “ဒီတွေ့ဆုံမှု မအောင်မြင်လို့ တိုက်ပွဲပြန်ဖြစ်လာတာ။ ဒီခရီးစဉ်မှာဆိုရင် အရပ်ဘက်က ဥပဒေချုပ်တွေလည်း ပါတယ်၊။ MoU ကိစ္စတွေကို ဆက်သွယ်ရေးလမ်းကြောင်းတွေ ဆွေးနွေးပြီး ဒါတွေဆွေးနွေးညှိနှိုင်းတာ မပြေလည်ကြဘူး ထင်တယ်”လို့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ဖော်ဆောင်ချိန်က လားရှိုးမြို့ကို သိမ်းပိုက်ဖို့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်ရေးပြင်ဆင်ချိန်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ဟိုင်ဂင်ဆွေးနွေးပွဲ ပေါ်ပေါက်လာပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ရပ်တန့်ခဲ့တာဖြစ်ပေမဲ့ အခု လားရှိုးမြို့မှာ တိုက်ပွဲတွေ ဖြစ်လာတာဟာ ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ် အောင်မြင်မှုမရှိဘူးဆိုတာကို ဖော်ပြနေတယ်လို့ ဆိုပါတယ်။

အခုဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာနိုင်ပြီး တနှစ်ကို ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၄၀၀၀ ကျော်ကုန်သွယ်မှုရှိတယ်၊ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းကိုတောင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်တဲ့အထိ စစ်ရေးပြင်းထန်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။

တရုတ်နယ်စပ်တလျှောက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်တန့်သွားဖို့ တရုတ်နိုင်ငံက ဖိအားပေးပြီး ကြားဝင်စေ့စပ်မှုတွေဟာ အချိန်ကာလတခုအထိသာ ရပ်တန့်ထားနိုင်တာကြောင့် စစ်ရေး အကြီးအကျယ် ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ စစ်တပ်အသာစီးရနိုင်မယ့် ရေရှည်ဆွေးနွေးမှုတခုကို  ဖော်ဆောင်ချင်တဲ့ ဆန္ဒရှိနေတယ်လို့ လွှတ်တော်အမတ်ဟောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်ပါတယ်။

“ဒီချိန်မှာ သိန်းစိန်ပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ဟိုင်ဂင်သဘောတူညီချက် ကျိုးပျက်ပြီးနောက်မှာ တခြားဘယ်နေရာမှာပဲဖြစ်ဖြစ် သဘောတူညီချက်ရရ စစ်တပ်ဟာ လိုရင်လိုသလို ကစားကွက် ဖန်တီးပြီး တိုက်မှာပဲ။ သူက အခဲမကြေနိုင်ဘူးလေ။ မတတ်သာလို့သာ လက်လျှေ့ာထားတာ။ ပြန်တိုက်မယ်ဆိုတာ ကျနော် ယုံကြည်ပြီးသား။ ဒါကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေလည်း သိတယ်။”

စစ်ကောင်စီဘက်ကတော့ သမ္မတဟောင်းဦးသိန်းစိန်နဲ့အတူ မြန်မာနိုင်ငံမဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုတို့ လိုက်ပါသွားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ 

အောင်သူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013