ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ဒေသခံတွေ ငှက်ဖျားရောဂါ ဖြစ်ပွားနေကြပြီး ဆေးဝါးပြတ်လပ်မှုတွေ ကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပလက်ဝမြို့နယ်မှာ မေ ၁၅ ရက်လောက်ကစလို့ ငှက်ဖျားဖြစ်ပွားနေကြပြီး ရောဂါဖြစ်ပွားသူ အရေအတွက်ကို လက်ရှိအချိန်ထိ စာရင်းမကောက်ယူနိုင်သေးဘူးလို့ ဆိုပါတယ်။
ပလက်ဝခရိုင်ကောင်စီ ဥက္ကဋ္ဌက “ဖျားတဲ့သူတိုင်းက ငှက်ဖျားရှိတယ်လို့ ပြောလို့ရတယ်။ ငှက်ဖျားကတော့ အာဏာမသိမ်းခင်ကတည်းကနေ ပလက်ဝမြို့နယ်အတွင်း လုံးဝ ပျောက်ကင်းတယ်လို့ ပြောလို့မရပါဘူး။ အာဏာသိမ်းပြီးနောက်ပိုင်းတော့ ကျန်းမာရေးစောင့်ရှောက်မှုက အနုတ်ပြတော့ တောက်လျှောက် ငှက်ဖျားဖြစ်တာပါပဲ။ ဒီနှစ်တော့ အဖြစ်အများဆုံးလို့ ပြောလို့ရပါတယ်။ အူရောင်ငှက်ဖျားကြောင့် သေဆုံးသူတွေ အများကြီးရှိပါတယ်” လို့ ပြောပါတယ်။
ပလက်ဝမြို့နယ်မှာ ဆေးကုသပေးတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ တခြားနယ်မှာ စစ်ဘေးတိမ်းရှောင် ပြောင်းရွှေ့ကုန်တဲ့အတွက် ဆေးဝါးဝါသနာပါသူတွေကို သင်တန်းတွေပေးပြီး ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနေရတယ်လို့လည်း ဆိုပါတယ်။
ပလက်ဝဒေသခံတဦးက “လူဦးရေက ခန့်မှန်းရခက်ပါတယ်။ နေမကောင်းဖြစ်ရင် ငှက်ဖျား ဖြစ်နိုင်တယ်၊ ငှက်ဖျားဖောက်ကိရိယာမရှိတဲ့ နေရာတွေမှာ ငှက်ဖျားဆေးရှိရင် ဆေးပဲ ကောက်သောက်ကြရတယ်။ ဆေးက ဝယ်မယ့်နေရာတောင် မရှိတဲ့ အနေအထားပါ။ ရခိုင်မှာလည်း ဝယ်မယ့်နေရာမရှိဘူး” လို့ ပြောပါတယ်။
ချင်းပြည်နယ်မှာ ငှက်ဖျားကုသဖို့ ဆေးဝါးတွေကိုတော့ Chin Health Organization က ကူညီထောက်ပံ့မှုတွေ ပြုလုပ်နေပေမဲ့ လုံလောက်မှုမရှိဘူးလို့ သိရပါတယ်။