မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းရှိ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ လက်ကျန်စခန်းတခု ဖြစ်တဲ့ ရွှေမြင်ဝင်းတပ်စခန်းကို ဇွန် ၃၀ ရက် ညနေ ၄ နာရီလောက်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ PSLF /TNLA က သတင်းထုတ်ပြန် ပါတယ်။
ရွှေမြင်ဝင်းတပ်စခန်းကို ဇွန် ၃၀ ရက် မနက် ၅ နာရီလောက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ညနေ ၄ နာရီလောက်မှာ သိမ်းပိုက်ရခဲ့တာလို့ TNLA ထုတ်ပြန်ချက်အရ သိရပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းမှာ နေထိုင်နေဆဲ ဒေသခံတဦးက “မိုးကုတ်အနောက်ပိုင်းကိုတော့ TNLA ဘက်က အပြီးသိမ်းလိုက်ပြီလို့ ကြားတယ်။ စခန်းကနေ အလံတောင်ထောင်ထားပြီတဲ့၊ အခုက လက်နက်ကြီးနဲ့ လေယာဥ်ပဲ ကြောက်ရတော့တယ်"လို့ ပြောပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းမှာ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး Atom ဖုန်းလိုင်းသာ တကြိမ် တခါမိတဲ့ အခြေအနေဖြစ်နေပြီး မြို့တွင်းပိတ်မိနေတဲ့ ဒေသခံတွေ ရှိနေပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေသာယာကျေးရွာမှာလည်း ဇွန် ၃၀ ရက် နေ့လယ် ၂ နာရီခွဲလောက်ကနေ ညနေ ၄ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၆၀ မမလက်နက်ကြီး ၁၄ လုံး အသုံးပြုခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်အရ သိရပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ PDF(မိုးကုတ်ဗျူဟာ)၊ PDF(513) နဲ့ မိုးကုတ် ပကဖ ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။