ယူရို ၂၀၂၄ ပြိုင်ပွဲဝင် ဂျာမနီအသင်းဆီကို ကစားသမားတွေရဲ့ အေးဂျင့်နဲ့ အကြံပေးတွေ လာရောက်တာကို နည်းပြ နာဂယ်စ်မန်းက ပိတ်ပင်ထားပါတယ်။
ဂျာမနီနည်းပြ နာဂယ်စ်မန်းဟာ ကစားသမားတွေကို အာရုံစူးစိုက်မှုအပြည့် ရရှိစေဖို့အတွက် အေးဂျင့်နဲ့ အကြံပေးပုဂ္ဂိုလ်တွေ လာရောက်တာကို တားမြစ်ခဲ့တာပါ။
အေးဂျင့်တွေဟာ အပြောင်းအရွှေ့ကိစ္စတွေ ဆွေးနွေးဖို့အတွက် ကစားသမားဖြစ်သူတွေနဲ့ လာရောက်တွေ့ဆုံ ဆွေးနွေးလေ့ရှိပြီး အဲဒီလို လုပ်ဆောင်မှုတွေက ကစားသမားတွေရဲ့ အာရုံစူးစိုက်မှုကို လျော့ပါးစေတယ်လို့ နည်းပြနာဂယ်စ်မန်းက ပြောပါတယ်။
အသင်း နေထိုင်လေ့ကျင့်ရာနေရာကို ဘယ်သူတွေက လာရောက်လည်ပတ်ခွင့်နဲ့ စကားပြောဆိုခွင့် ရှိတယ်ဆိုတာကို တိကျသေချာတဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ဂျာမနီနည်းပြ နာဂယ်စ်မန်းက ပြောသွားပါတယ်။
ဂျာမနီအသင်းဟာ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဒိန်းမတ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။