ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ ရာသီတုပ်ကွေးဖြစ်ပွားသူ အယောက် ၇၀၀ အထိ ရှိလာပြီး ကျန်းမာရေးဝန်ထမ်း မလုံမလောက်ဖြစ်နေတယ်လို့ ကန်ပက်လက်မြို့နယ် ကျန်းမာရေးတာဝန်ခံက DVB ကို ပြောပါတယ်။
ကန်ပက်လက်မြို့နယ်က တိုက်နယ် ၅ ခုမှာ မေလကုန်ပိုင်းနေ အခု ဇွန်လကုန်အထိ ရာသီတုပ်ကွေး ဖြစ်ပွားသူ အယောက် ၇၀၀ အထိ ရှိလာတာပါ။
ရာသီတုပ်ကွေးက တမြို့နယ်လုံးမှာ ဖြစ်ပွားနေပြီး ခေးလောင်းကျေးရွာ၊ မရွှီကျေးရွာနဲ့ ဆော်လောင်းကျေးရွာတို့မှာတော့ ရွာလုံးကျွတ် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
မြို့နယ်ကျန်းမာရေးတာဝန်ခံက “တချို့ရွာတွေက တယောက်စ နှစ်ယောက်စ ဖြစ်တယ်။ ပြန်ကောင်းလိုက် အခြားလူတွေ ထပ်ဖြစ်လိုက်ပေါ့။ ကုသမှုကတော့ ကျန်းမာရေးအဖွဲ့ကနေ ချက်ချင်းသွားပြီး ကုပေးတယ်။ ဆေးဝါးက စုံစုံလင်လင်တော့ မရှိဘူးပေါ့။ ဆေးဝါးက မလုံလောက်ဘူးပေါ့။ ဆေးက ဝယ်ရခက်တယ်။ ပိုက်ဆံရှိရင်တောင် လိုချင်တာ ဝယ်မရဘူး”လို့ ပြောပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးက ကိုဗစ်လက္ခဏာနဲ့ ဆင်တူပြီး ဖျားရာကနေ ငှက်ဖျားရောဂါဖြစ်လာသူ ၄၀ နီးပါးရှိလာပြီလို့လည်း သိရပါတယ်။
မြို့နယ်ကျန်းမာရေးတာဝန်ခံက “ကျနော်တို့ဒေသက လက်ရှိမှာ ဆရာဝန် အခက်အခဲ တော်တော်လေး ဖြစ်တယ်။ ဒေသကကျယ်ပြီး လူနေက ကျဲတယ်လေ။ ဆရာဝန်မရှိတော့ ကိုယ်ဝန်ဆောင်မိခင်တွေတောင် အိမ်မှာ မွေးကြရတယ်” လို့ ဆက်ပြောပါတယ်။
ကန်ပက်လက်မြို့နယ်အတွင်းမှာ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း မလုံလောက်လို့ ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးအသေ မွေးဖွားတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။