ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ဇွန် ၃၀ ရက် နေလယ်ပိုင်းမှာ လူနေအိမ်တွေအထဲကို ရေတွေဝင်ရောက်လာတဲ့အတွက် ရွှေ့ပြောင်းနေထိုင်နေကြရပါတယ်။
မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ ရမ်ပူ၊ လယ်ကုန်း၊ ကြက်ပေါင်ခြံ စတဲ့ ရပ်ကွက်တွေထဲကို နေအိမ်တွေထဲကို ရေတွေဝင်လာလို့ ရပ်ကွက်နေပြည်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။
ရမ်ပူရပ်ကွက် နေထိုင်သူတဦးက “ရေတက်တာ တအားမြန်တယ်။ တရိပ်ရိပ်ကို တက်လာတာ။ ရေစတက်တာကတော့ ဇွန် ၂၉ ညကတည်းက တက်နေတာ။ ရပ်ကွက်အနိမ့်ပိုင်းတွေကတော့ ရေစတက်တဲ့အချိန်ကတည်းက ပြောင်းနေတယ်။ နေ့လယ်ပိုင်းမှာ ရေက ခါးလောက်ရောက်နေပြီ” လို့ ပြောပါတယ်။
ဇွန် ၃၀ ရက် ညနေ ၆ နာရီလောက်မှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေအမှတ် (၁၂၀၀ စင်တီမီတာ) ကို ရောက်ရှိခဲ့တဲ့အတွက် နောက်ထပ် တမီတာ အထက်ကို ရောက်နိုင်သေးကြောင်း မြစ်ကြီးနား မြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း မြစ်ကြီးနားမြို့မှာ နောက်ထပ် ၂၄ နာရီအတွင်း ဧရာဝတီမြစ်ရေမှာ ၁၁၈၂ စင်တီမီတာသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။
မြစ်ရေ ဝင်ရောက်လာလို့ လူနေအိမ်တွေ ရေနစ်မြုပ်နေတာကြောင့် ရေဘေးသင့်ပြည်သူတွေဟာ ရေဘေးလွတ်ရာ ကုန်းမြင့်ပိုင်းမှ နီးစပ်ရာ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေမှာ ရွှေ့ပြောင်းနေထိုင်ကြရပါတယ်။