Home
မြန်မာသတင်း
City Mart စီအီးအို အပါအဝင် လုပ်ငန်းရှင်များကို စစ်ကောင်စီ ဖမ်းဆီး
DVB
·
July 1, 2024
Photo-CityMart

ဆန်ဈေးကို ဆန်စပါးအသင်းချုပ်က သတ်မှတ်ထားတဲ့ ဈေးနှုန်းထက် ပိုမိုရောင်းချတယ်ဆိုပြီး City Mart ရဲ့ စီအီးအိုအပါအဝင်၊ One Stop Mart ဒါရိုက်တာ၊ စိန်ဂေဟာ အုပ်ချုပ်မှုဒါရိုက်တာ၊ Aeon Orange ဒါရိုက်တာတွေနဲ့ ဆန်လုပ်ငန်းရှင်တချို့ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ နဲ့ အရေးယူလိုက်တယ်လို့ စစ်ကောင်စီက ဇွန် ၃၀ ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီဟာ ဈေးဝယ်စင်တာနဲ့ စတိုးဆိုင်ကြီး ၅၃ ဆိုင်ကို ဝင်ရောက်စစ်ဆေးခဲ့တဲ့အခါမှာ အဲဒီစင်တာတွေနဲ့ စတိုးဆိုင်တွေမှာ တင်ရောင်းနေတဲ့ ဆန်အိတ်တွေဟာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတ်မှတ်ထားတဲ့ ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ အမြတ်တင်ရောင်းချနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အဲဒီလိုတွေ့ရှိရတဲ့အတွက် သတ်မှတ်ဈေးနှုန်းထက် ၂၁ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ အမြတ်တင် ရောင်းချနေတဲ့ ဈေးဝယ်စင်တာနဲ့ စတိုးဆိုင် ၃၀ ကို သူတို့ ရရှိတဲ့ အကျိုးအမြတ်တွေအပေါ်  ဒဏ်ကြေးနဲ့ အခွန်ထပ်မံစည်းကြပ်သွားမယ်လို့ ဆိုပါတယ်။

သတ်မှတ်ဈေးနှုန်းထက် ၅၁ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ အမြတ်တင်ရောင်းခဲ့တဲ့ ဈေးဝယ်စင်တာ ၂၂ ဆိုင်ရဲ့ တာဝန်ရှိသူတွေဖြစ်တဲ့ One Stop Mart ဒါရိုက်တာ ဦးမျိုးသန့်၊ City Mart Holding ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် ဦးဖြိုးမင်းကျော်၊ စိန်ဂေဟာကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်မောင်ဝင်း၊ Aeon Orange ဒါရိုက်တာ  Mr. Kasamatsu Hiroshi တို့ကို အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ နဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ရှိ ဆန်ဂိုဒေါင် ၁၀၂ လုံး၊ ဆန်စက် ၂၅ ခု၊ ဆိုင်ခန်း ၇ ခုတို့ရဲ့ ဆန်ဈေးနှုန်းတွေကိုလည်း ဝင်ရောက်စစ်ဆေးခဲ့ရာမှာ သင့်တင်မျှတတဲ့ ဈေးကွက် ဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ အမြတ်တင် ရောင်းနေတာ တွေ့ခဲ့တယ်လို့ စကစက ထုတ်ပြန်ပါတယ်။

အဲဒီအထဲက သတ်မှတ်ဈေးနှုန်းထက် ၁၁ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ အမြတ်တင်ရောင်းခဲ့တဲ့ ဆန်စပါးလုပ်ငန်းရှင် ၂၄ ဦးကို ၎င်းတို့ ရခဲ့တဲ့ အမြတ်အပေါ် ဒဏ်ကြေးနဲ့ အခွန် စည်းကြပ်သွားမယ်လို့ စကစက ဆိုပါတယ်။

သတ်မှတ်ဈေးနှုန်းထက် ၃၁ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်း အမြတ်တင် ရောင်းခဲ့တဲ့ Global Myanmar Trading ကုမ္ပဏီ ဒါရိုက်တာ ဦးလင်းကိုကိုနိုင်၊ ရတနာပုံ ဆန်စက်ပိုင်ရှင် ဦးကျော်ဇော်လင်း၊ Kanbawza ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးမြင့်ဆွေ၊ သိင်္ဂီဆန်စက်ပွဲရုံ ဒါရိုက်တာ ဦးလင်းထွဋ်နိုင်၊ စိန်ငါးပွင့် ဆန်ဆိုင် တာဝန်ခံ ဦးသိန်းဦး၊ သစ္စာရှင် ဆန်/ဆီရောင်းဝယ်ရေးပိုင်ရှင် ဦးအောင်တင်၊ သန့်ဆန်ဆိုင်တာဝန်ခံ ဦးဝင်းဇော်တို့ကိုတော့ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ နဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅အရ အရေးယူခံရရင် အနိမ့်ဆုံး ထောင်ဒဏ် ၆ လကနေ ၃ နှစ်အထိ ပြစ်ဒဏ်ချခံရနိုင်သလို ကျပ် ၅ သိန်းထက် မပိုတဲ့ ဒဏ်ငွေလည်း ချခံရနိုင်ပါတယ်။

ဒေါ်လာဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး၊ စားသုံးဆီဈေး၊ ဆန်ဈေးတွေ မြင့်တက်နေတာကြောင့် စစ်ကောင်စီဟာ အဲဒီဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ ရည်ညွှန်းဈေးတွေ သတ်မှတ်ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ အဲဒီဈေးနှုန်းတွေနဲ့ ဈေးကွက်ပေါက်ဈေးတွေဟာ ၂၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ကွာနေပါတယ်။

ပြည်တွင်းမှာ ဆန်စျေးတွေတက်လာလို့ ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်ထဲက ဆန်ကုန်သည် ၅၈ ဦးကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးပြီးတဲ့နောက် အဲ့ဒီထဲက လုပ်ငန်းရှင်တချို့ကို ဖမ်းဆီးအရေးယူလိုက်တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆန်တွေကို သင့်တော်မျှတတဲ့ဈေးနှုန်းနဲ့ အိမ်အရောက် ရောင်းချပေးမယ်လို့ ကြေညာခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013