အင်္ဂလန်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ယူရို ၂၀၂၄ ရှုံးထွက် ၁၆ သင်းအဆင့် ဆလိုဗက်ကီးယားနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ပွဲပြီးခါနီးမှ ချေပဂိုးရပြီး အချိန်ပိုမှာ အနိုင်ဂိုးသွင်းယူကာ ကွာတားဖိုင်နယ်တက်ရောက်သွားပါတယ်။
ဒီပွဲမှာ ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ နောက်ဆုံးမိနစ်မှာ နောက်ပြန်ကန်ချက်နဲ့ ချေပဂိုးသွင်းခဲ့ပြီး အင်္ဂလန်အသင်း ကွာတားဖိုင်နယ်တက်ရောက်ဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ကူညီပေးနိုင်ခဲ့တာပါ။
ဟယ်ရီကိန်းကတော့ ဘယ်လင်ဂမ်က အင်္ဂလန်အသင်းသမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တဦးဖြစ်ပြီး အသင်းအတွက် ပြင်းပြင်းထန်ထန် ကြိုးစားကစားသူဖြစ် ကြောင်း ပြောပါတယ်။
ဆလိုဗက်ကီးယားနဲ့ပွဲစဉ်မတိုင်ခင်အထိ ဘယ်လင်ဂမ်အပေါ် ဝေဖန်မှုတွေရှိခဲ့တာကို သိရှိပြီး အဲဒီဝေဖန်မှုတွေကို ချေဖျက်ပြနိုင်ခဲ့တာဖြစ်တယ်လို့ ဟယ်ရီကိန်းက ပြောသွားပါတယ်။
ကွင်းလယ်လူရိုက်စ်ကလည်း ဆလိုဗက်ကီးယားနဲ့ပွဲမှာ အရေးပါတဲ့ ချေပဂိုးသွင်းခဲ့တဲ့ ဘယ်လင်ဂမ်ရဲ့ ခြေစွမ်းကိုလည်း ချီးကျူးသွားခဲ့ပါတယ်။
ဒါ့အပြင် နည်းပြ ဆောက်ဂိတ်ကို ကာကွယ်ဖို့ ဘာမဆို လုပ်ဆောင်သွားမှာဖြစ်ပြီး အကောင်းဆုံးခြေစွမ်းပြသနိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ပြောပါတယ်။
အင်္ဂလန်အသင်း ကစားခဲ့သမျှ ပွဲစဉ် ၄ ပွဲမှာ စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ခြင်း မရှိတာနဲ့ ပတ်သက်ပြီး နည်းပြဆောက်ဂိတ်ကို ဝေဖန်မှုတွေ ရှိခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်မှာ အီတလီကို ကျော်ဖြတ်လာတဲ့ ဆွစ်ဇာလန်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။