တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်း မြို့ပေါ်ရပ်ကွက်တွေမှာ ဇွန် ၂၇ ရက် ညနေ ၄ နာရီဝန်းကျင်က ပစ်ခတ်မှုတွေကြောင့် ရှမ်းတောရပ်ကွက်ဥယျာဥ် ကျောင်းထဲကို လက်နက်ကြီး ကျရောက် ပေါက်ကွဲပြီး ကိုရင် တပါး ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့ပေါ်ရပ်ကွက်တွေမှာ လက်နက်ကြီးပစ်ခတ်သံတွေ ကြားခဲ့ရပြီးနောက် ဥယျာဥ် ကျောင်းပေါ် လက်နက်ကြီး တလုံးကျပေါက်ကွဲရာ ကိုရင် ၅ ပါး ဒဏ်ရာရခဲ့တာလို့ ဖြစ်စဥ် သိရှိသူ အမျိုးသမီး တဦးက ပြောပါတယ်။
"လက်နက်ကြီးပစ်သံတွေ ဆက်တိုက်ကြားပြီးတော့ အဲ့ဒီ ကျောင်းဆောင်ထဲကို ကျတာ။ ကျတဲ့ နေရာက ကိုရင်တွေ နေနေကျ နေရာ၊ ကိုရင် ၅ ပါး ထိတယ်။ တပါးက ပျံလွန်တော်မူ သွားတယ်"
တခြား ထိခိုက်ဒဏ်ရာရတဲ့ ကိုရင်လေးပါးကို မိုးကုတ်မြို့ပြည်သူ့ဆေးရုံမှာ ပို့ဆောင် ကုသ ထားတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းမှာ နေအိမ်တွေပေါ် လက်နက်ကြီး ကျတာကြောင့် နေအိမ်တချို့ ထိခိုက် ပျက်စီးမှုရှိသလို ပြည်သူအချို့လည်း ထိခိုက်ဒဏ်ရာ ရတာရှိပေမဲ့ အရေအတွက် အတိအကျ မသိရသေးပါဘူး။
မိုးကုတ်မြို့အနောက်ပိုင်းရဲစခန်းမှာ ဇွန် ၂၇ ရက် ညနေ ၃ နာရီဝန်းကျင်က မီးလောင်ပြီးနောက် မြို့တွင်းပစ်ခတ်မှု ငြိမ်သွားသလို ဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက် သွားပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းမှာလည်း ဇွန် ၂၇ ရက် ညနေ ၄ နာရီကစပြီး ၆ နာရီဝန်းကျင်အထိ လက်နက်ကြီး ပစ်သံတွေ ကြားခဲ့ရတာပါ။
မိုးကုတ်မြို့အနောက်ပိုင်း အေးစေတီတောင်ပေါ်က စစ်ကောင်စီတပ်စခန်းနဲ့ မိုးကုတ်ကျပ်ပြင် ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ TNLA က ဇွန် ၂၇ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။