အစ္စလာမ္မစ် ဒါမှမဟုတ် ဆီးမိုက်မျိုးနွယ်စုတွေကို ဆန့်ကျင်ရေးမုန်းတီးမှုကို လှုံ့ဆော်တဲ့ ဂျာမနီနိုင်ငံရောက် ရွေ့ပြောင်းနိုင်ငံခြားသားတွေဟာ အနာဂတ်မှာ မူရင်းနိုင်ငံဆီ ပြန်ပို့ခံရနိုင်တယ်လို့ ဂျာမန် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
ဒါဟာ ဇွန် ၂၆ ရက်မှာ ဂျာမန်အစိုးရအဖွဲ့က အတည်ပြုခဲ့တဲ့ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး နန်စီဖရေဇာရဲ့ အဆိုပြုချက် ရလဒ်ဖြစ်ပြီး အဆိုပြုချက်အရ "ဂျာမန်နိုင်ငံကူးလက်မှတ်မရှိသူ ဘယ်သူမဆို ဆိုရှယ်မီဒီယာပေါ်မှာ အကြမ်းဖက်လုပ်ရပ်တွေကို ဂုဏ်တင်နေရင် ဂျာမနီနိုင်ငံထဲကနေ နှင်ထုတ်ပြီး မူရင်းနိုင်ငံဆီ ပြန်ပို့ခံရနိုင်တယ်လို့ မြို့တော်ဘာလင်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
တကယ်ရွံစရာကောင်းတဲ့ အကြမ်းဖက်အကြောင်း အရာတွေကို ဂုဏ်ပြုပြီး ပို့စ်တင်နေတယ်ဆိုတဲ့ကိစ္စကို ပြောတာလို့ ဖရေဇာက ရှင်းပြခဲ့ပါတယ်။
နွေရာသီအားလပ်ရက်အပြီးမှာ ဥပဒေကြမ်းကို "အရမ်းမြန်မြန်ဆန်ဆန် "အတည်ပြုဖို့ သူက မျှော်လင့်ထားပါတယ်။ အစ္စရေးနိုင်ငံမှာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေ တိုက်ခိုက်ခံရတာကို ရွံစရာကောင်းလောက်အောင် အောင်ပွဲခံမှု၊ မေ ၃၁ ရက်က အာဖဂန် အမျိုးသားတဦးက အစ္စလာမ္မစ်လှုံ့ဆော်ချက်တွေကြောင့် ဂျာမနီနိုင်ငံတောင်ပိုင်း မန်းဟိုင်းမြို့မှာ ဂျာမန်ရဲအရာရှိငယ်တဦး သေဆုံးတဲ့အထိ ဓားနဲ့ တိုက်ခိုက်မှုတွေကို ရည်ညွှန်း ဖော်ပြရင်း ဖရေဇာက အဆိုပြုခဲ့တာပါ။
အဆိုပြုချက်မူကြမ်းကို လွှတ်တော်မှာ ဆက်လက်ဆောင်ရွက်နေတဲ့ ဥပဒေပြုရေးလုပ်ငန်းစဉ်မှာ ထည့်သွင်း ဆောင်ရွက်နေပြီဖြစ်ပါတယ်။
Source-Reuters