Home
မြန်မာသတင်း
မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်တွင် တိုက်ပွဲပြင်းထန်၊ လူနှင့်နေအိမ်များ ထိခိုက်မှုရှိ
DVB
·
June 27, 2024
မိုးကုတ်မြေပုံ

ရှမ်း-မန္တလေးအစပ်က မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်  (TNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ ဇွန် ၂၇ ရက် ဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး လူနဲ့ နေအိမ် ထိခိုက်မှုတွေလည်း ရှိနေတယ်လို့ မိုးကုတ်မြို့ခံက ပြောပါတယ်။

“အနောက်ပိုင်း (ကျပ်ပြင်) အခြေအနေကတော့ စောနက လေယာဉ်နဲ့လာကြဲထားတော့ အမျိုးတဦးထိပြီးတော့မှ ဆုံးသွားတယ်။ ဒီဘက်ကနေပြီး လက်နက်ကြီး အဆက်မပြတ်ပစ်နေတာ။ ကြားနေရတာမဟုတ်ဘဲ အဲဒီလက်နက်ကြီးတွေ ပစ်လိုက်ရင် မျက်စိရှေ့မှာ မျက်မြင်ကိုယ်တွေ့မြင်နေရတယ်ရှင့်။ နောက်ဆုံးအခြေအနေ ဘာမှမသိရဘူးရှင့်။ ညီမတို့ရဲ့အမျိုးတွေတောင် အနောက်ပိုင်းမှာပိတ်မိနေတာ။ သူတို့နဲ့လည်း အဆက်အသွယ်မရဘူး အဲတာကြောင့် မပြောနိုင်တာ” လို့ မိုးကုတ်မြို့ (အရှေ့ပိုင်း) မှာ နေထိုင်သူက ပြောပါတယ်။

စစ်ကောင်စီတပ်က ဂျက်လေယာဉ်တွေ အသုံးပြုရတဲ့အထိ တိုက်ပွဲပြင်းထန်နေပေမဲ့ မိုးကုတ်မြို့ (အရှေ့ပိုင်း) ဘက်ကိုတော့ စစ်မီးကူးစက်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ မြို့ပတ်ပတ်လည် တိုက်ပွဲတွေ၊ စစ်ရေးတင်းမာမှုတွေရှိနေတာကြောင့် မြို့ခံတွေဟာ တခြားမြို့နယ်တွေဆီ စစ်ရှောင်လို့မရဘဲ ပိတ်မိနေကြတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။

“အသွားအလာကတော့ နည်းနည်းပါးပါးရှိကြတာ။ အကုန်လုံးကကြောက်နေကြတာ။ ဈေးဆိုင်တွေက ဘာမှမရှိသလောက် ဖြစ်သွားပြီ။ ရိက္ခာပိုင်းကတော့ ခေါက်ဆွဲထုပ်ဆို ပြတ်လပ်သွားပြီ။ ဆေးဝါးတွေဆိုရင်လည်း ကုန်ပြီ၊ အဲလိုမျိုးဖြစ်နေတာ။” 

TNLA ကတော့ မိုးကုတ်မြိုနယ် အေးစေတီမှာတပ်စွဲထားတဲ့ ခလရ ၈၈ လက်အောက်ခံ လပခ၊ ခလရ- ၁၄၈ တပ်စခန်းကို ဒီကနေ့ ဇွန် ၂၇ ရက်၊ မနက် ၈ နာရီခွဲကစလို့ ထိုးစစ်ဆင်နေကြောင်း ထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ လို့ ထုတ်ပြန်ထားတဲ့ အခုထိုးစစ်ထဲ TNLA ပူးပေါင်းတပ်တွေအနေနဲ့ မိုးကုတ်မြိုနယ်ထဲက ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနဲ့ ဖြူရောင်ကုန်းတိုအား အသီးသီးသိမ်းပိုက်နိုင်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013