စစ်အာဏာသိမ်းအဖွဲ့သည် ၎င်းတို့ သုံးနှစ်ကျော် အုပ်ချုပ်နေစဉ် ကာလအတွင်း မကြုံစဘူးအောင် ဆိုးရွားလာနေသော စီးပွားရေးအား ဆပ်ရန်ရှိသော ကြွေးမြီများအား မဆပ်ဘဲ ဆိုင်းငံ့ထားရန် အမိန့်ပေးလာခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဖမ်းဆီးခြင်းနှင့် နိုင်ငံခြားငွေများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လာခြင်း အစရှိသည့် နည်းမျိုးစုံဖြင့် ဖြေရှင်းရန် လုံးပန်းနေသည်ဟု စကော့ မေသီဆန်မှ အေးရှားတိုင်းမ် အွန်လိုင်းတွင် ရေးသားလာသည်။
နိုင်ငံအနှံ့ စစ်မျက်နှာပေါင်းစုံတွင် အရေးနိမ့်လာနေမှုများကြောင့် တိုင်းပြည်သည် failed state အဖြစ် အရှိန်အဟုန်နှင့် ဦးတည်လာနေသည်မှာ သိသာထင်ရှားနေသော်လည်း ထိုထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းအောင် နီးစပ်လာနေသည်က စီးပွားရေး ပြိုလဲကျဆင်းလာမှုဟု ပြော၍ရနိုင်ကြောင်း ဆောင်းပါးကို အစချီထားသည်။
စစ်အာဏာသိမ်းအဖွဲ့သည် တချိန်က ပြည်ပရင်းနှီးမြှုပ်နှံလိုသူများအတွက် အာရှ၏ “နောက်ဆုံးဈေးကွက်” ကြီးအဖြစ် မက်လောက်စရာ အနေအထားကို ၎င်းတို့ အသက်ဆက်ဖို့ အဓိကထားနေရသော စစ်စီးပွားရေးသို့ ပြောင်းလဲပစ်လိုက်ပြီ ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် မစ္စတာ ရှောင်တာနယ်လ် တို့မှ မေလ ၃ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ခေါ်ယူပြီး စီးပွားရေးတွင် စစ်ကောင်စီသည် အမှားများ ဆင့်ကဲဆင့်ကဲ ကျူးလွန်နေသော doom-loop economy အဖြစ် ဖြစ်ပျက်နေသည်များကို စိတ်ပျက်လက်ပျက် ပြောဆိုရှင်းလင်းသွားခဲ့သည်။
မြန်မာကျပ်ငွေတန်ဖိုးသည် တခါဖူးမျှ မကြုံခဲ့ဘူးသည်နှုန်းဖြစ်သော တဒေါ်လာလျှင် ၅,၀၀၀ အထိ ထိုးဆင်းသွားခဲ့သည်။ ကျပ်ငွေသည် ၂၀၁၉ တွင်ရှိသည့် တန်ဖိုး၏ ၂၅ ရာနှုန်းမျှသာ တန်ကြေးရှိတော့သည်။
၎င်းတို့မျက်စိရှေ့တွင် တလိမ့်လိမ့် ကျဆင်းလိုက်လာနေသော စီးပွားရေးကို ငွေစက္ကူများ ရိုက်နှိပ် ဖြန့်ချိခြင်းဖြင့် တုံ့ပြန်လာခဲ့သည်။ စုစုပေါင်း ရိုက်နှိပ်ခဲ့သည့် ပမာဏသည် ကျပ်ငွေ ၂၅ ထရီလီယံခန့်ရှိပြီး နိုင်ငံခြားအရန်ငွေသည်လည်း ဒေါ်လာ ၃ ဘီလီယံခန့် ကျဆင်းသွားခဲ့သည်။
ရှောင်တာနယ်လ်မှ ထိုသို့ ကျပ်တန်ဖိုး ထိန်းမရအောင် ကျဆင်းလာနေမှုကြောင့် စစ်ကောင်စီအဖို့ ၎င်းတို့လိုအပ်နေသော လက်နက်ခဲယမ်းများ ဝယ်ယူရန် နိုင်ငံခြားငွေများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားနိုင်မည့် စီးပွားရေးမူဝါဒကို အလွယ်တကူပင် ပြောင်း၍ ကျင့်သုံးလာခဲ့သည်ဟု ပြောခဲ့သည်။
စစ်ရေးအသုံးစရိတ်သည် တနိုင်ငံလုံးအတွက် လျာထားသော ဘတ်ဂျက် စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်း ရှိလာနေပြီဖြစ်သည်။ ယင်းနှင့်အတူ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ယိုယွင်း ကျဆင်းလာခဲ့ရသည်။
ဆင်းရဲတွင်းနက်သည်ထက် နက်လာနေသူများသည် တိုင်းပြည် လူဦးရေ၏ ၄၀ ရာနှုန်းအထိ ရှိလာခဲ့သည်။ ဈေးနှုန်းများ ကြီးမြင့်လာနေမှုကြောင့် အချို့သော အခြေခံလူသုံးကုန်များသည် နိုင်ငံသားအများစု လက်လှမ်းမမီနိုင် ဖြစ်လာသည်။ အထူးသဖြင့် ကုန်စည် သယ်ယူပို့ဆောင်မှုများ ပြတ်တောက်နေသည့် တိုက်ပွဲများ ဖြစ်ပွားနေသော ဒေသများတွင် ဖြစ်သည်။ စစ်ကောင်စီသည် စစ်တွေကဲ့သို့ မြို့ကြီးများတွင် ထိုသို့ ပြတ်လတ်သွားရန် ရည်ရွယ်ချက်ရှိရှိဖြင့် ပိတ်ဆို့ ဖြတ်တောက်ထားခဲ့သည်။
စစ်တပ်သည် ကုမ္ပဏီများအား ပေးရန်ရှိသည့် ပြည်ပကြွေးမြီများနှင့် အတိုးများကို ဆိုင်းငံ့ထားရန် ညွှန်ကြားလာခဲ့သည်။ စီးပွားရေးကို နောက်ပြန်ဆွဲလာသည့် ထူးထူးဆန်းဆန်း လုပ်ရပ်အဖြစ် မြန်မာကုန်သည်ကြီးများအသင်းမှ စက်မှုမထွန်းကားမီကာလက ကျင့်သုံးခဲ့သည့် ကုန်စည်ဖလှယ်သည့်စနစ်ဖြင့် ကုန်သွယ်ကြရန် ပြောဆိုလာခဲ့သည်။ ဘဏ်များသည်လည်း ၎င်းတို့ဘာသာ လည်ပတ်နိုင်စွမ်း မရှိတော့ဘဲ စစ်ကောင်စီ အသက်သွင်းခံနေရသည့် “ဖုတ်ကောင်” သာသာ ဘဝ ရောက်နေရပြီဟု ရှောင်တာနယ်လ်က ဆိုသည်။
ထိုသို့ အခြေအနေများ ပို၍ ဆိုးဝါးလာစေသည်က ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်လာနေခြင်းပင် ဖြစ်သည်။ ထို့ပြင် စစ်မှုမထမ်းမနေရဥပဒေ ဆိုသည်ကို အသက်သွင်းလာပြန်၍ လူငယ်များသည် စစ်ထဲဆွဲသွင်းခံလာရပြီး အချို့ကလည်း ထွက်ပြေး တိမ်းရှောင်ကုန်ကြသည်။ အချို့ကလည်း တော်လှန်ရေးအင်အားစုများထံ ခိုလှုံလာကြသည်။ ဤသို့ဖြင့် စီးပွားရေးအတွက် အရင်းအမြစ်များဖြစ်သည့် လူငယ်များ၏ လုပ်အားများ လေလွင့်ဆုံးရှုံးသွားခဲ့ရသည်။
၂၀၂၃ အကုန်ပိုင်းတွင် ဖြစ်လာမည်ဟု ခန့်မှန်းထားသော မြို့ပြတိုက်ပွဲများ ဖြစ်မလာခဲ့သော်လည်း စစ်ကောင်စီအား ထို့ထက်ပို၍ ခြိမ်းခြောက်ခံလာရသည်က မြို့နေလူတန်းစား၏ လူနေမှုအဆင့်အတန်း ကျဆင်းလာနေခြင်းနှင့် စီးပွားရေး အဆင်မပြေမှုများကြောင့် ဘာလုပ်၍ ဘာကိုင်ရမှန်းမသိ ဖြစ်လာနေမှုများပင် ဖြစ်သည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီး ဖြစ်ပွားမလာမီ အခြေအနေများကဲ့သို့ ဖြစ်လာနေသည်။
စစ်ကောင်စီသည် ထိုအခြေအနေများအပေါ် တုန်လှုပ်ချောက်ချားလာနေပြီး ၎င်းတို့ကိုယ်တိုင် ဖျက်ဆီးခဲ့သည့် စီးပွားရေးကို ကျားကန်နိုင်ရန် ကမူးရှူးထိုး ကြိုးပမ်းလာကြသည်။
၎င်းတို့အဖွဲ့တွင် စီးပွားရေးပိုင်း အဓိက စီမံခန့်ခွဲပေးနေသည့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အောင်နိုင်ဦးအား ထုတ်ပယ်ပစ်ခဲ့သည်။ ထို့နေမှာပင် စီမံဘဏ္ဍာ ဒုဝန်ကြီး မောင်မောင်ဝင်း ဆိုသူအားလည်း ဖြုတ်ပစ်ခဲ့သည်။
ယခုအခါ ပျံ့နှံ့လာနေသော ကောလာဟလများထဲတွင် ယုံကြည်၍ရနိုင်သည့် သတင်းများက စီးပွားရေးပိုင်းတွင် အဓိကကျသည့် ပုဂ္ဂိုလ်များအား စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းနေသည် ဆိုခြင်းပင် ဖြစ်သည်။ ထိုအထဲတွင် ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေလည်း ပါဝင်နေသည်ဟု သိရသည်။ သန်းသန်းဆွေအား ရန်ကုန် နိုင်ငံတကာလေဆိပ်တွင် ပြည်ပသို့မထွက်ခွာမီ ထိန်းသိမ်းလိုက်ပြီး နေပြည်တော်သို့ ခေါ်ဆောင်သွားသည်ဟု ဆိုသည်။
ထို့မတိုင်မီ ရက်များက သန်းသန်းဆွေသည် ထိုင်းဘဏ်လုပ်ငန်းရှင်များ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဘဏ်များမှ တဆင့် ငွေလွှဲပြောင်းပေးနိုင်ရေး၊ ငွေလဲနှုန်းများနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး ဆိုင်ရာများ ဆွေးနွေးခဲ့သည်။
ထိုနေ့မှာပင် နိုင်ငံခြားငွေများ အလွှဲအပြောင်းလုပ်သည့် ဖေ့စ်ဘွတ်ခ်အကောင့် ၁၆ ခုကို ပိတ်ပစ်ရန် ဗဟိုဘဏ်က ညွှန်ကြားလာခဲ့သည်။
လက်ရှိတွင် ကောလာဟလများသည် မြန်မာနိုင်ငံရေး ယန္တရားကြီးအား တဝှီးဝှီးဖြင့် မောင်းနှင်နေပြီဖြစ်ရာ ခရိုနီကြီးများဖြစ်သော ရိုးမဘဏ်မှ ဆာဂျေပန်းနှင့် ကမ္ဘောဇဘဏ်မှ အောင်ကိုဝင်း တို့လည်း ထိန်းသိမ်းခံနေရသူများထဲ ပါဝင်နေသည်ဟု သတင်းထွက်ပေါ်လာခဲ့သည်။
စီးပွားရေးလုပ်ငန်းရှင်များအားလည်း ဘန်ကောက်နှင့် စင်ကာပူသို့ ခရီးထွက်ခြင်းမျိုးကို စစ်ကောင်စီမှ ကန့်သတ် စောင့်ကြည့်နေသည်ဟုလည်း ဆိုသည်။
ဇွန်လ ၄ ရက်နေ့တွင် နိုင်ငံစီးပွားဖွံ့ဖြိုးရေးအား နှောင့်ယှက်ဟန့်တားနေသည် ဆိုကာ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းရှင် ၁၄ ဦးအား ဖမ်းဆီးလိုက်ပြီး တိမ်းရှောင်သွားသူ ၁၁ ဦး၏ အမည်နှင့် ဖုန်းနံပါတ်များကို ထုတ်ပြန်ခဲ့သည်။
တကယ်တမ်းတွင် ၎င်းတို့ထုတ်ပြန်သည့် အစီအမံများသည်သာ တိုင်းပြည်စီးပွားရေးကို ပြိုလဲအောင် လုပ်နေခြင်းဖြစ်သည့်အတွက် မလိုက်နာဘဲ နည်းအမျိုးမျိုးနှင့် ရှောင်တိမ်းနေမှုများအပေါ် စစ်ကောင်စီသည် မည်သို့လုပ်ရမည်မသိ ဖြစ်လာနေသည့် လက္ခဏာများ အထင်အရှား တွေ့လာနေရသည်။
ဇွန် ၃ ရက်တွင် ရန်ကုန်မှ အများစုပါဝင်နေသည့် ရွှေကုန်သည် ၂၁ ဦးအား ရွှေဈေးကွက် မတည်မငြိမ်ဖြစ်အောင် ဖန်တီးမှုဖြင့် စွဲချက်တင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ တိမ်းရှောင်သွားသူ ၁၀ ဦး၏ ဓာတ်ပုံနှင့် လုပ်ငန်းလိပ်စာများကိုပါ သတင်းပေးနိုင်ရန်ဆိုကာ ပုံနှိပ်ဖော်ပြခဲ့သည်။
အိုးအိမ်ခြံမြေ ပွဲစားများကိုလည်း ပစ်မှတ်ထားလာပြန်သည်။ ၎င်းတို့အား ထိုင်းရှိ မြန်မာနိုင်ငံသားများအား ကွန်ဒိုများ “တရားမဝင်” ရောင်းချပေးနေမှုဖြင့် စွပ်စွဲဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီသည် ၎င်းတို့အတွက် ရှားပါးလိုက်လာနေသော နိုင်ငံခြားငွေများ ပြည်ပသို့ ရောက်မသွားရန် ကမူးရှူးထိုး ကြိုးပမ်းလာခဲ့ခြင်းပင် ဖြစ်သည်။
ထိုးဆင်းကျလာနေသော စီးပွားရေးအား အဆင်း ဘီးတပ်ပေးလာသည်က ရာဇဝတ်မှုနှင့် မကင်းသော လုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်နေမှုပင် ဖြစ်သည်။ လူသိထင်ရှား ဖြစ်လာနေသည်က ရွှေကုက္ကိုလ်နှင့် ကေကေပတ် တို့တွင် အွန်လိုင်း လူလိမ်ဂိုဏ်းများ မှိုလိုပေါက်လာနေမှုပင် ဖြစ်သည်။ ၎င်းတို့ထံမှ စစ်ကောင်စီသည် မည်မျှအတိုင်းအတာထိ ညှစ်ထုတ်ယူနေသည်ကို သဲသဲကွဲကွဲ မသိရသေးသော်လည်း ဒေါ်လာ ဘီလီယံနှင့်ချီ ရှိမည်ဟု ခန့်မှန်းနေကြသည်။
ထို့ပြင် မူးယစ်ဆေးကုန်သွယ်မှု၊ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှုများလည်း အရှိန်ရလာနေသည်။ ယခုအခါ မြန်မာသည် ကမ္ဘာ့လူဆိုးဂိုဏ်းများ ကျက်စားရာ နိုင်ငံများစာရင်းတွင် ထိပ်ဆုံးပိုင်းတွင် ပါရှိလာပြီဖြစ်သည်။ ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ တရားမဝင်လုပ်ငန်းများ အရေးယူရန် ဖွဲ့စည်းထားသော အထူးတပ်ဖွဲ့မှလည်း ယမန်နှစ်က ငွေကြေးခဝါချမှုများကြောင့် မြန်မာအား အမည်ပျက်စာရင်းထဲ ထည့်သွင်းလာခဲ့သည်။
စီးပွားရေးအခြေအနေများ ယိုယွင်းပျက်စီးလာနေမှုနှင့်အတူ လူထုအကြား ဂဏာမငြိမ် ဖြစ်လာနေသည်ကို ကြည့်၍ အာဏာသိမ်းအဖွဲ့သည် ၎င်းတို့အပေါ် ဆက်၍ သစ္စာခံနေရန် အတွက် အောက်ခြေအဆင့် ဝန်ထမ်းများကို လက်ဦးမှုယူကာ လာဘ်ထိုး သွေးဆောင်လာခဲ့သည်။
မည်သည့်ရှုဒေါင့်ကကြည့်ကြည့် စစ်ကောင်စီသည် အုပ်ချုပ်သူ အစိုးရတရပ် အနေဖြင့် နိုင်ငံသားများအတွက် တာဝန်ယူ ဆောင်ရွက်ပေးသွားရမည့် စီးပွားရေးပိုင်းကို လုံးဝ ဥပေက္ခာပြုထားလာပြီ ဖြစ်သည်ဟု ပြော၍ရနေပြီ ဖြစ်သည်။
မင်းအောင်လှိုင်သည်လည်း စစ်ဒဏ်ခံခဲ့ရသော စီးပွားရေးကို ပြန်လည်အဖတ်ဆယ်နိုင်ရန် ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးညှိနှိုင်းရေးထက် ဖုန်းဆိုးမြေ သမ္မတအဖြစ် အုပ်ချုပ်သွားရလည်း ကျေနပ်နေမည့်သဘော တွေ့နေရသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!