အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်ဟာ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေး ဘဲလိုဆော့ဗ်နဲ့ ဇွန် ၂၅ ရက်က တယ်လီဖုန်းနဲ့ စကားပြောဆိုခဲ့ကြပြီး ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်ထားမှုရဲ့ အရေးပါပုံကို ဆွေးနွေးခဲ့ကြတယ်လို့ ပင်တဂွန် အမေရိကန်စစ်ဌာနချုပ်က ဇွန် ၂၅ ရက်မှာ ပြောပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး အော်စတင်က စကားပြောဆိုမှုကို စတင်ခဲ့တာဖြစ်ကြောင်း နဲ့ ဒါဟာ အော်စတင်နဲ့ ရုရှားကာကွယ်ရေးဝန်ကြီးတို့အကြား ၂၀၂၃ ခုနှစ် မတ်လနောက်ပိုင်း ပထမဆုံးအကြိမ် ဖုန်းခေါ်ဆိုမှုဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ပက်ထရစ် ရိုက်ဒါက သတင်းထောက်တွေကို ပြောပါတယ်။
ဒီဖုန်းခေါ်ဆိုမှုအတွင်း ဝန်ကြီး အော်စတင်က ရုရှားနဲ့ ယူကရိန်း စစ်ဖြစ်ပွားနေတဲ့ကြားမှာ ဆက်သွယ်ရေးလိုင်းတွေကို ထိန်းသိမ်းထားဖို့ အရေးကြီးကြောင်းကို အလေးပေး ပြောကြားခဲ့ကြောင်းလည်း ဆိုပါတယ်။
ဝန်ကြီးအော်စတင်က ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ နောက်ဆုံး စကားပြောဖြစ်ခဲ့တဲ့အချိန်က ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်ဖြစ်ပြီး အဲဒီအချိန်က ရုရှားကာကွယ်ရေးဝန်ကြီးဟာ ဆာဂျီရွှိုင်ဂူ ဖြစ်တယ်လို့လည်း ပင်တဂွန်ပြောခွင့်ရ ဗိုလ်ချုပ် ပက်ထရစ် ရိုက်ဒါက ပြောသွားပါတယ်။
Source-Reuters