Home
မြန်မာသတင်း
မိုးကုတ်တိုက်ပွဲအတွင်း ဒေသခံများ ပိတ်မိ၊ မြင်းခြံတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံး၊ ၅ ဦး ဖမ်းမိ
DVB
·
June 26, 2024

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ  ဇွန် ၂၅ ရက်က စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့အကြား တိုက်ပွဲ ပြင်းထန် နေပြီး  အနီးနားကျေးရွာတွေက ဒေသခံတွေ ပိတ်မိနေတယ်လို့  TNLA က ထုတ်ပြန်ပါတယ်။

ရွာသာယာရွာ၊ ပန်သပြေရွာ၊ ဖြူရောင်ရွာ၊ မြို့အနောက်ပိုင်း ရေအေးအုပ်စု ဂွေ့ကြီး ကျေးရွာအနီး အမှိုက်ပုံးနေရာ၊ ဒေါ်နန်းကြည်တောင်နဲ့ မိုးကုတ်နဲ့ ပိန်းပြစ်ရွာကြား ၆ မိုင် နေရာတွေမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ပြေးချိန်မရဘဲ ပိတ်မိနေတာလို့ ဆိုပါတယ်။

မိုးကုတ်-မန္တလေးသွား ကားလမ်းလည်း အခု တိုက်ပွဲအခြေနေကြောင့် လမ်းခရီးသွားလို့ မရသေးသလို မိုးကုတ်-မိုးမိတ်လမ်းမှာလည်း တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် သွားမရသေးတဲ့အပြင် မိုးကုတ်-ကျောက်မဲလမ်းလည်း အသုံးပြုလို့ မရသေးဘူးလို့ သိရပါတယ်။ 

မြို့ခံတဦးက “မိုးကုတ်မှာက မိုးလည်း အရမ်းရွာနေတယ်၊ တိုက်ပွဲသံတွေလည်း ဆက်တိုက် ကြားနေရတယ်၊ မနေ့ညကတော့ ပစ်သံမကြားရဘူး၊ မိုးကုတ်အရှေ့ပိုင်းကနေ အနောက်ပိုင်းကို ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ပစ်ကူနေတယ်၊ဘယ်သူမှ အပြင်မထွက်ရဲဘူး"လို့ ပြောပါတယ်။ 

မိုးကုတ်မြို့အနောက်ပိုင်း အောင်နီလာရပ်ကွက်က အမျိုးသမီးတဦး ဇွန် ၂၅ ရက် ညနေပိုင်းက ဗုံးစ ထိမှန်ပြီး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ 

မိုးကုတ်မြို့ပတ်လည်မှာ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် မြို့တွင်းသွားလာသူတွေ တိတ်ဆိတ်နေပြီး ခရီးသွားကားတွေလည်း ရပ်နားထားပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းမှာ ဒေသပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ဖြစ်ပွားခဲ့တဲ့ ၂၄ ရက်ကြာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံးပြီး အရာရှိပါအဝင် စစ်ကောင်စီတပ်သား ၅ ဦး အရှင်ဖမ်းမိကာ လက်နက် ၂၁ လက်နဲ့အတူ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်ခြံခရိုင် အမှတ်- ၄ တပ်ရင်း (နွားထိုးကြီး PDF) ဆီကနေ သိရပါတယ်။

နွားထိုးကြီး PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “မြင်းခြံခရိုင်ထဲက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ရာမှာ  (--) တပ်က ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးနဲ့ အခြားအဆင့် ၄ ဦး၊ စုစုပေါင်း ၅ ဦးကို အရှင်ဖမ်းမိခဲ့လို့ သက်ဆိုင်ရာဆီကို လွှဲပြောင်းပေးခဲ့ပြီးပါပြီ” လို့ ပြောပါတယ်။

အဆိုပါ ၂၄ ရက်ကြာ တိုက်ပွဲဟာ ဇွန် ၂ ရက်ကနေ ၂၅ ရက်အထိ တိုက်ပွဲပေါင်း ၁၅ ကြိမ်နီးပါး ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ PDF တာဝန်ရှိသူက ဆက်ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေကနေ RPG-7 လက်နက်ကြီး ၁ လက်၊ ငါးကြင်းမြီး စက်လတ် ၁ လက်၊ ၄၅ မမ စိန်ပြောင်း ၁ လက်၊ MA 1 သေနတ် ၄ လက်၊ MA 2 သေနတ် ၁ လက်၊ MA 3 သေနတ် ၄ လက်၊ G3 သေနတ် ၅ လက်၊ အူဇီသေနတ် ၂ လက်၊ MA 5 ပစ္စတိုသေနတ် ၂ လက်၊ ကျည်မျိုးစုံ အတောင့် ၃,၀၀၀ ကျော်နဲ့အတူ ခဲယမ်းပစ္စည်းများစွာ သိမ်းဆည်းရရှိခဲ့​တယ်လို့ သိရပါတယ်။

နွားထိုးကြီး PDF တာဝန်ခံတဦးက “ကျနော်တို့အနေနဲ့ ဖက်ဆစ်စစ်တပ်ကို အမြစ်ပြတ်အောင် တိုက်ခိုက်တဲ့နေရာမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပြီး ဖက်ဆစ်တပ်သားတွေရဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ သတင်းပေးပို့ကြဖို့နဲ့ ‌(--) တွေ ရှိနေတဲ့နေရာတွေနဲ့ လွတ်လွတ်ကင်းကင်း နေကြဖို့ ပြောချင်ပါတယ်ဗျ” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို မြင်းခြံခရိုင် အမှတ်-၄ တပ်ရင်း (နွားထိုးကြီး PDF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)၊ မြင်းခြံမြို့နယ်-ပကဖ၊ နွားထိုးကြီးမြို့နယ်-ပကဖ၊ တံတားဦးမြို့နယ်-ပကဖ၊ မြင်းခြံခရိုင်-Drone တပ်ဖွဲ့နဲ့အတူ မြင်းခြံခရိုင်အတွင်းက တခြားမဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024