စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ အခြေခံကုန်စည်စျေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ပွဲတွေဖြစ် ကုန်ဈေးနှုန်းတွေတက် မတည်ငြိမ်တဲ့ အခြေအနေကြားမှာ ရုန်းကန်နေရတဲ့ ပြည်သူတွေဟာ များစွာခက်ခဲဖြစ်နေကြရတယ်လို့ စားသောက်ကုန်တွေ ရောင်းချနေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
ကုန်ဈေးနှုန်းမြင့်တက်တဲ့အထဲမှာ အခြေခံစားသောက်ကုန်ဈေးနဲ့ စက်သုံးဆီဈေးတွေ အဓိကပါဝင်ပြီး လက်ရှိ စက်သုံးဆီ ၁ လီတာကို ကျပ် ၁၅၀၀၀ ကနေ ၃၀၀၀၀ ကျပ်၊ ပဲဆီ ၁ ပိဿာကို ၂၄၀၀၀ ကျပ်၊ ကြက်သွန်နီ ၁ ပိဿာ ကို ကျပ် ၄၀၀၀၀၊ ငရုတ်ကောင်းစေ့ နို့ဆီဘူး ၁ ဘူးကို ၆၀၀၀ ကျပ်၊ ဟင်းချိုမှုန့် ၁ ဘူးကို ၃၅၀၀ ကျပ်နဲ့ ငရုတ်သီးခြောက် ၁ ပိဿာကို ၄၀၀၀၀ ကျပ် စသဖြင့် အသီးသီးရှိနေပါတယ်။
ဒီအထဲမှာ စားကုန်နဲ့ ဓာတ်ဆီဈေးတွေ မြင့်တက်တာကြောင့် ကယ်ရီမောင်းအလုပ်ကို စွန့်လွှတ်လိုက်ရပြီး ကြုံရာကျပန်းပဲ လုပ်ကိုင်နေရတော့တယ်လို့ အရင်က သုံးဘီးကယ်ရီ မောင်းနှင်ခဲ့သူတဦးက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ကုန်စည်လမ်းကြောင်းတွေ ပိတ်ဆို့ခံရလို့ ရခိုင်ပြည်နယ်အတွင်း ကုန်စည်ဈေးနှုန်းတွေဟာ ကုန်ပစ္စည်းတခုကို မူလဈေးထက် ၃ ဆကနေ ၁၀ ဆအထိ မြင့်တက်သွားခဲ့ပြီး လက်ရှိအချိန်ထိလည်း ဈေးမကျသေးပါဘူး။
ကုန်ဈေးနှုန်းတွေက အဆမတန်မြင့်နေတာကြောင့် ရခိုင်ပြည်သူတွေ အခက်အခဲကြုံနေကြပြီး ပြည်မနဲ့ တခြားနိုင်ငံတွေကို ရရာနည်းလမ်းနဲ့ ထွက်ခွာဖို့ ကြိုးစားနေကြတာလည်း တွေ့မြင်ရပါတယ်။