Home
မြန်မာသတင်း
ပခုက္ကူ ပျူရွာကို PDF သိမ်းပိုက်၊ မတူပီ တပ်စခန်း ၂ ခုကို ဆက်လက်ထိုးစစ်ဆင်၊ ရွှေဘိုတွင် စစ်သားများ တိုက်ခိုက်ခံရ
DVB
·
June 26, 2024

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံ ပျူစောထီးတပ်တွေ အခြေချ တပ်စွဲထားတဲ့ ဖလံအိုကျေးရွာအုပ်စု၊ ရှင်မကန်ကျေးရွာကို ဇွန် ၂၅ ရက်နေ့မှာ ပြည်သူ့တော်လှန်ရေးတပ်ဦးနဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

မနက်ပိုင်း ၅ နာရီကျော်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကာ တိုက်ပွဲကြာချိန် မိနစ် ၅၀ လောက်မှာ ရန်သူ ၁၀ ဦးကျော် သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ရဲ့ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်လွန်းညီက ပြောပါတယ်။

“အဓိကကတော့ ပေါင်းစည်းမှုရဲ့ ရလဒ်လို့ပဲ ပြောရမှာပါ။ စစ် ၃ စစ် တိုက်ဖျက်ရေး ဘုံသဘောတူညီချက်အောက်မှာ အလံတွေဘယ်လောက်များများ လုပ်ဟန်တခုတည်းနဲ့ စုပေါင်းနိုင်ရင် နောက်လည်း ရလဒ်ကောင်းတွေ ပေါ်ပေါက်လာမှာပါ။ အခုလို စုစည်းမှုကတဆင့် ညီညွတ်ရေးအထိ ကြိုးပမ်းသွားနိုင်ရင် စစ်အုပ်စုကို အနိုင်တိုက်နိုင်မှာ အသေချာပါပဲ” လို့ DVB ကို ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ရန်သူ့ဆီကနေ ကာဘိုင်အမျိုးအစား သေနတ် ၄ လက်၊ ဘီအေ 63 အမျိုးအစား သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ကာဘိုင်သေနတ်ပြောင်း ၂ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ လမ်းလျှောက်စကားပြောစက် ၁ လုံး၊ ခဲယမ်းကျည်မျိုးစုံ ၅၀၀ ဝန်းကျင်နဲ့ ဖုန်း၊ ရန်သူ့ဆက်စပ်ပစ္စည်းများစွာ သိမ်းဆည်းရရှိခဲ့ပြီး‌ သုံ့ပန်းတဦးကိုလည်း အရှင်ဖမ်းဆီးရရှိခဲ့ကာ တော်လှန်ရေးတပ်တွေဘက်ကတော့ ပြည်သူ့ရဲဘော်တဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) အပါအဝင် ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ ABSDF အမှတ် ၃ စစ်ကြောင်း၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)၊ ဒေသခံ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင် ပကဖ၊ ဓားမင်းကြီးတပ်ဖွဲ့၊ MCKC PDF၊ King Fighter (SGF)၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပေါက်)၊ PDF Kamma တပ်ပေါင်းစု၊ Pauk Basic on Revolution Force (ဗိုလ်တ‌ေစ္ဆအဖွဲ့)၊ Pauk ပကဖ Drone Team၊ 7 star (မြိုင် ပကဖ)၊ ဗိုလ်စနေအဖွဲ့၊ Red Giant နဂါးနီ၊ ကမ္မတော်လှန်ရေးတပ်ဦး KMRF တို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ မတူပီမြို့ကို အပြီးသတ်သိမ်းပိုက်ရရှိနိုင်ရေးအတွက် ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “မတူပီမြို့သိမ်းတိုက်ပွဲအတွင်းမှာ ခလရ ၁၄ဝ နဲ့ မတူပီဗျူဟာကုန်းတို့ရဲ့ ကာကင်းစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး မြို့သိမ်းတိုက်ပွဲအပြီးသတ်နိုင်ဖို့ ကျန်ရှိနေသေးတဲ့ တပ်စခန်း ၂ ခုကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့သည့် ဇွန် ၁၇ ရက်နေ့က စစ်ကောင်စီရဲ့ မတူပီအခြေစိုက် ခမရ ၃ဝ၄ တပ်ရင်း ကို အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး ဇွန် ၂၄ ရက် ညနေမှာတော့ ခလရ ၁၄ဝ နဲ့ ဗျူဟာစခန်းကုန်းတွေက ကာကင်းစခန်းတွေကို ထပ်မံသိမ်းပိုက်ရရှိခဲ့ပါတယ်။ ကျန်ရှိနေတဲ့စစ်ကောင်စီတပ်စခန်း ၂ ခုဖြစ်တဲ့ ခလရ ၁၄ဝ နဲ့ မတူပီဗျူဟာကုန်းတွေကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

“ကာကင်းစခန်းတွေအားလုံးကိုတော့ သိမ်းပိုက်နိုင်ပါပြီ။ ကျန်နေတဲ့ ခလရ ၁၄ဝ နဲ့ ဗျူဟာစခန်းကုန်းတွေကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေပါတယ်။ နှစ်ဖက်တိုက်ပွဲကလည်း အရမ်းပြင်းထန်နေပါတယ်” လို့ ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့ရဲ့ တာ၀န်ခံတဦးက DVB ကို ပြောပါတယ်။

စစ်ရေးကာလအတွင်းမှာ မတူပီမြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ မြေမြှုပ်မိုင်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ်နဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်တွေကို သတိထားရှောင်ရှားနိုင်ကြဖို့ သတိပေးထားပါတယ်။

မတူပီမြို့မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၄၀ တပ်စခန်းနဲ့ မတူပီဗျူဟာကုန်းတွေကို သိမ်းပိုက်ရရှိပြီးရင် မတူပီမြို့နယ်တခုလုံးဟာ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီလို့ ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့ဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ တက္ကသိုလ်အတွင်း စစ်တပ်အထိုင်ချထားတဲ့ အဆောင်နဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူကာကွယ်ရေးတပ် ဇွန် ၂၅ ရက် မနက် ၁၁နာရီခွဲလောက် ဒရုန်းနဲ့ ဗုံးသီး ချတိုက်ခိုက်ခံရတယ်လို့ တက္ကသိုလ် ကျောင်းအတွင်းက ဝန်ထမ်းအသိုက်အဝန်းဆီက သိရပါတယ်။

အခုလို တိုက်ခိုက်ခံရပြီး ကျောင်းဝင်းအတွင်း နေထိုင်တဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီတပ်က အဝင်အထွက် သွားလာခွင့် ပိတ်ထားတယ်လို့လည်း သိရပါတယ်။

“ဗုံးသီးက ၂ လုံးချတာ‌‌လေ။ တလုံးက အဝင်အထွက် စစ်ဆေးရေးဂိတ်တလုံးနဲ့ စစ်သားတွေနေတဲ့ အဆောင်ပေါ် တလုံး ချခံရတယ်။ ဘာတွေဖြစ်ကြလည်းတော့ မသိရဘူး။ ကျမတို့ကတော့ ကိုယ်တာဝန်ကျရာ ဌာနရုံးခန်းမှာပုန်းနေရတယ်။ ဗုံးချတဲ့ နေရာ တွေကိုလည်း သွားမကြည့်ရဲဘူး။ အပြင်ထွက် သွားလာလို့မရအောင်လည်း အဝင်အထွက် စစ်ဆေးရေးဂိတ်တွေကိုလည်း အကုန်ပိတ်ထားတယ်” လို့  ဌာနတခုရဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။

ရွှေဘိုမြို့တက္ကသိုလ်အတွင်း စစ်တပ်က အထိုင်စခန်းချ နေထိုင်နေတာဟာ စစ်အာဏာသိမ်းပြီးချိန်ကနေ ဒီနေ့အထိ ဖြစ်တယ်လို့လည်း သိရပါတယ်။‌

“အများသူငှာနဲ့ ဆိုင်တဲ့ နေရာတွေကို  တပ်စွဲတယ်။ တက္ကသိုလ်ကျောင်းရှေ့က ဖြတ်သန်းသွားတဲ့ လိုင်းကားတွေကိုလည်း နေ့စဉ် ဆက်ကြေးတောင်ခံတာလည်း လုပ်တယ်။ အခု ကျနော်တို့ ဗုံးသီးချတာကလည်း စစ်တပ် အထိုင်ချတဲ့ အဆောင်နဲ့ တက္ကသိုလ် အဝင် အထွက် စစ်ဆေးရေးဂိတ်ကို အတိအကျ စုံစမ်းပြီး ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့တယ်။ စစ်(-) အသေ ၆ ကောင်ရရှိတယ်လို့လည်း သိထားတယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိခဲ့ဘူး” လို့ ခင်ဦးနဂါးညီနောင်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ခင်ဦးနဂါးညီနောင်အဖွဲ့နဲ့ နယ်စည်းမခြား ရွှေဘိုသား LPDF အဖွဲ့က တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013