“ငါ့ကို ကူမယ့်သူ ကယ်မယ့်သူ မရှိတော့ဘူးထင်တယ်။ သူကလည်း သေနတ်ပစ်ဖောက်ပြီး တဲနားရှိတဲ့လူ အကုန်မောင်းထုတ်တော့ ငါ့ဘဝ ရွံစရာ အဲ့စစ်သားလက်ထဲ ရောက်တော့မယ် ထင်တယ်တွေးပြီး ငါ့ကို ပစ်သတ်လည်း ပစ်ပါစေတော့ဆိုပြီး ရအောင်ရုန်း၊ သူ့ကိုတွန်းထုတ်၊ ဖိနပ်မပါဘဲ လွတ်ရာထွက်ပြေးခဲ့ရတယ်” လို့ ငိုသံတွေ၊ ကြောက်ရွံ့တုန်လှုပ်သံတွေနဲ့ ပြောပြနေသူကတော့ စစ်ကောင်စီတပ်သားတဦးရဲ့ အဓမ္မပြုကျင့်ဖို့ကြိုးပမ်းတာခံစားခဲ့ရဖူးတဲ့ နန်းဟွမ် ဆိုတဲ့ တိုင်းရင်းသူ မိန်းမလေးပဲ ဖြစ်ပါတယ်။
နန်းဟွမ်က အသက် ၂၅ နှစ်အရွယ်ဖြစ်ပြီး ပအိုဝ်း+အင်းတိုင်းရင်းသူတဦးဖြစ်ကာ ဆီဆိုင်မြို့မှာ နေထိုင်ပါတယ်။ နန်းဟွမ်တို့နေထိုင်တဲ့ ဆီဆိုင်မြို့မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့က ဟိုပုံးမြို့နယ်၊ စံဖူးရွာမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ လက်နက်ယာဉ်တန်းကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က တားဆီးရာကနေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။ ဇန်နဝါရီ ၂၂ ရက်နေ့မှာတော့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ PNLA ဥက္ကဋ္ဌ ခွန်သူရိန်ရဲ့ ယခင်အဖွဲ့ဖြစ်တဲ့ ရလလဖအဖွဲ့ ဌာနချုပ်ရှိရာ နောင်ထောင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်ပြည်သူနှစ်ဦး သေဆုံးခဲ့ရပါတယ်။ ဇန်နဝါရီ ၂၃ ရက်မှာတော့ ဆီဆိုင်မြို့သိမ်းတိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ ဇန်နဝါရီ ၂၆ ရက်နေ့မှာတော့ PNLA နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဆီဆိုင်မြို့ ဌာနဆိုင်ရာရုံးနဲ့ ခမရ ၄၂၄ တပ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲကြောင့် နန်းဟွမ်တို့က ဆီဆိုင်မြို့ကို စွန့်ခွာပြီး ဆီဆိုင်မြို့အရှေ့ဘက် တောတောင်ထဲမှာ တဲထိုးပြီး စစ်ဘေးကို ရှောင်နေခဲ့ရတယ်လို့ ပြောပါတယ်။
“ကျမတို့က တဲနဲ့နေရတာ လုံခြုံမှုလည်း မရှိဘူး” လို့ နန်းဟွမ်က ပြောပါတယ်။
လုံခြုံမှုမရှိ၊ ထမင်းတနပ်စားရရင် ထမင်းနှစ်နပ်ငတ်နေရတဲ့ စစ်ရှောင်ဘဝ ရောက်နေတဲ့ နန်းဟွမ်ကတော့ မတ်လ ၁၄ ရက် သင်္ကြန်အကြိုရက်အရောက်မှာ အဲဒီထက်ပိုဆိုးတဲ့ အကြောက်ရဆုံး၊ အထိတ်လန့်ရဆုံး အတွေ့အကြုံနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ပြောပြပါတယ်။ ဆီဆိုင်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ၄၂၃ တပ်မှ တပ်သား ညီညီနိုင်က သေနတ်၊ ဗုံးတွေ ယူဆောင်လာပြီး သူတို့နေထိုင်တဲ့ တဲနားမှာ သေနတ် ၁၀ ကြိမ်မက ပစ်ဖောက် ခြိမ်းခြောက်မှုတွေ၊ အနိုင်ကျင့်မှုတွေ လာပြုလုပ်ခဲ့တဲ့အပြင် သူ့ကိုပါ အဓမ္မပြုကျင့်ဖို့လုပ်ခဲ့တယ်လို့ ပြောပါတယ်။
နန်းဟွမ်က “ဟိုအရင်က ဒီလိုဖြစ်စဉ်မျိုး ကြားဖူးတယ်။ ဗမာစစ်သားတွေ ရွာထဲဝင်ပြီဆို ရွာတွေမီးရှို့၊ မိန်းမပျိုလေးတွေကို ဖျက်ဆီးတာကို ကြားပဲကြားဖူးတာ၊ ဒီလောက် ဆိုးဆိုးဝါးဝါး ဖြစ်မယ်မထင်ဘူး။ ခု ကိုယ်တိုင်ကြုံရမှ ငရဲကျနေသလို။ ကြောက်လည်းကြောက်တယ်” လို့ တုန်နေတဲ့အသံနဲ့ ပြန်ပြောပြပါတယ်။
အဲဒီ တပ်သားညီညီနိုင်က သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှုကြောင့် စစ်ရှောင်တချို့ ထွက်ပြေးပုန်းနေခဲ့ရပြီး တဲနားမှာ နန်းဟွမ်းနဲ့ ထွက်မပြေးနိုင်တဲ့ ဒဏ်ရာရလူနာတချို့ သက်ကြီးရွယ်အိုသာ ကျန်ခဲ့တယ်လို့ သူမက ပြောပြပါတယ်။
အဲဒီနောက်မှာ နန်းဟွမ်ရှိနေတဲ့တဲထဲကို တပ်သားညီညီနိုင်က ဝင်လာပြီး နန်းဟွမ်ဘေး လာထိုင်ကာ ရစ်နေခဲ့တယ်လို့ ပြောပြပါတယ်။ အဲဒီစစ်သားက နန်းဟွမ်ကို ရေခပ်ခိုင်းလိုက်၊ ကော်ဖီဖျော်ခိုင်းလိုက်၊ ရေနွေးယူခိုင်းလိုက် စသဖြင့် ခိုင်းခဲ့သလို အပျိုလား အအိုလား ဆိုပြီး မေးတယ်လို့ ပြောပါတယ်။ သူလည်း ကလေးနှစ်ယောက်အမေ၊ မုဆိုးမပါ၊ အမျိုးသားက ဆုံးသွားပြီလို့ ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။
အဲလိုပဲ တဲထဲ တနေကုန်နေပြီး ညနေ ၄ နာရီ ၁၅ မိနစ်အရောက်မှာ အဲဒီစစ်သားက တဲပြင်ထွက်ပြီး သေနတ် ၂ ချက် ထပ်မံဖောက်ပြီး လူတွေကို ထပ်မံမောင်းထုတ်ခဲ့တယ်။ အဲအချိန်မှာ လူတွေအကုန် ရုတ်ရုတ်သဲသဲလည်း ဖြစ်ကုန်တယ်။ အဲအချိန်မှာ သူ့ရဲ့နဖူးတည့်တည့်ကိုလည်း အဲဒီစစ်သားက သေနတ်နဲ့ ချိန်ရွယ်ထားတယ်လို့ နန်းဟွမ်က ပြောပြပါတယ်။
“သူ ညီမကို သေနတ်နဲ့ချိန်ပြီး နင် ငါ့ကိုယူမလား မယူဘူးလား ပြောတယ်။ ညီမကလည်း မယူဘူးပြောတော့ သေနတ်ရဲ့ ကျည်ဆန်နဲ့ နင် ခေါင်းပြတ်သွားမယ် ဘာမှတ်လဲ ဆိုပြီး ပြန်ပြောတယ်။ ညီမကလည်း ဆရာက ဘာဖြစ်ချင်လဲမေးတော့ နင်နဲ့အိပ်ချင်တယ်ဆိုပြီး ပြောတယ်။ အဲဒါနဲ့ ညီမလက်ကိုဆွဲပြီး တဲအပေါ်ကို အတင်းဆွဲခေါ်သွားတယ်” လို့ သူမက ပြောပါတယ်။
အဲအချိန်မှာ သူမက အရမ်းကြောက်လန့်ပြီး ငါ့ကို ကူမယ့်သူ ကယ်မယ့်သူ မရှိတော့ဘူး၊ အော်ခဲ့ပေမဲ့ အကူအညီ မရခဲ့ဘူးလို့ သူက ပြောပါတယ်။ တဲပေါ်ရောက်တော့ ဒဏ်ရာရနေတဲ့ ဦးလေးတယောက်ရှိပြီး အဲစစ်သားက ဦးလေးကို မောင်းထုတ်ခဲ့တယ်။ “ငါ သူနဲ့အိပ်တော့မှာ ဝေးဝေးသွားတော့ ပြောနေတဲ့အချိန် ညီမကလည်း ရုန်း၊ သူ့ကိုတွန်းထုတ်ပြီး လွတ်ရာထွက်ပြေးခဲ့တယ်” လို့ သူကြုံတွေ့ရတာကို ငိုသံ၊ ကြောက်နေတဲ့အသံနဲ့ ပြောပြခဲ့ပါတယ်။
ထွက်ပြေးတဲ့အချိန် ဖိနပ်လည်းမပါခဲ့ဘူးလို့ ပြောပါတယ်။ သူ ထွက်ပြေးချိန် ကြောက်စိတ်တွေနဲ့ ထွက်ပြေးခဲ့လို့ တောထဲမှာ သူ့ခြေထောက် ဆူးစူးခဲ့တာကိုတောင် သတိမထားမိတော့ဘူးလို့ ပြောပါတယ်။ လွတ်ရာရောက်တဲ့နောက် စစ်ရှောင်စခန်းတခုထဲရောက်တော့ သူ့ခြေထောက်မှာ သွေးတွေ ဆူးတွေနဲ့ ရှိခဲ့ပါပြီ။
ပအိုဝ်းဒေသ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတဦးက “ဒီလိုကိစ္စက လုံးဝမဖြစ်သင့်ဘူးပေါ့နော်။ ဒီလိုလုပ်တာက လူ့အခွင့်အရေးကို မလေးစားရာရောက်သလို အမျိုးသမီး အခွင့်အရေးကိုလည်း မလေးစားရာရောက်တယ်။ ကျမတို့ ဒီ မြန်မာနိုင်ငံက လူ့အခွင့်အရေးကို လိုက်နာပါမယ်ဆိုပြီး လက်မှတ်ထိုးထားတယ်။ ပြီးရင် အမျိုးသမီးအခွင့်အရေး စာချုပ်ဖြစ်တဲ့ CEDAW စာချုပ်လည်း ရေးထိုးထားတယ်။ ခုနောက်ပိုင်း မြင်တွေ့ရတာ စစ်သားတွေက အမျိုးသမီးတွေကို လက်နက်သဖွယ် အသုံးချပြီး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာ နေ့စဉ်တွေ့နေရတယ်။ အာဏာမသိမ်းခင်ကတည်းက ဒီလိုကိစ္စဖြစ်ခဲ့တာ ရှိပေမဲ့ ကျမတို့ ပေါ်ပေါ်ထင်ထင် ဖော်ပြဖို့ အရမ်းအားနည်းခဲ့တယ်။ ပြီးရင် ဒီ အာဏာသိမ်းပြီးနောက် အာဏာကို အသုံးချပြီး အမျိုးသမီးကို ထိပါးနှောင့်ယှက်တာတွေ များတယ်။ ကျမတို့ လမ်းပေါ်သွားရင်တောင် ဒီစစ်တပ်မှမဟုတ်ဘူး၊ တခြား လက်နက်ကိုင်တွေလည်း ဂိတ်တွေမှာ ဒီ အမျိုးသမီးကို မြင်လိုက်တာနဲ့ ဒါ စနောက်စရာဆိုပြီး သတ်မှတ်ကြတယ်။ ဒါတွေက လုံးဝလက်မခံနိုင်သလို မဖြစ်သင့်တဲ့အရာတခုဖြစ်တယ်” လို့ ပြောပါတယ်။
အခုလိုဖြစ်စဉ်ဟာ မြေပြင်မှာ ပိုမိုဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုင်းရင်းသား အမျိုးသမီးတွေ ကြုံတွေ့ခံစားနေကြရပါတယ်။
အခု ဘယ်နေရာမှာမှ တိုင်ကြားလို့မရတဲ့ အခြေအနေတွေကြောင့် ကြောက်စိတ်၊ စိုးရိမ်စိတ်နဲ့သာ ငြိမ်နေရပြီး အခုအရေးအခင်းကြီး ပြီးသွားခဲ့ရင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက် ဥပဒေတရပ် ရေးဆွဲနိုင်ဖို့လည်း ရှမ်းတောင်ရှိ တိုင်းရင်းသားအမျိုးသမီးတွေက မျှော်လင့်နေကြပါတယ်။
နန်းဟွမ်ကတော့ “အဲနေ့ဖြစ်ခဲ့တဲ့ကိစ္စကို ပြန်တွေးတိုင်း ကိုယ့်ကို အကြီးအကျယ် ဒုက္ခပေးမယ့် မိစ္ဆာကြီးဆိုပြီး တွေးတောင် ပြန်မတွေးရဲဘူး။ ကြောက်စိတ်က ခုထိရှိတုန်း၊ ဒါတောင် ကိုယ်က လွတ်ေမြာက်ခဲ့သေးတယ်။ စစ်သားတွေကိုတွေ့တိုင်း ကိုယ့်ကို ဘာလုပ်မလဲ စသဖြင့် ကြောက်တယ်” လို့ ပြောပါတယ်။
လာမဲင်းပေ