Home
ဆောင်းပါး
သက်ရှည်အေးမြ တရားရစေ စုမေမေ
DVB
·
June 23, 2024

ရင်နင့်အောင်လွမ်း

စာစီတမ်းတ

လွှတ်ပေးရမည်

မျှော်ကြပြီလေ

စုမေမေ။ ။

၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ သူမဟာ အသက် ၇၉ နှစ် ပြည့်ခဲ့ပါပြီ။ အသက် ၈၀ ကာလမှာ သူမနဲ့အတူ မြန်မာနိုင်ငံဟာလည်း ထောင်သွင်း အကျဉ်းချခံထားရဆဲပါပဲ။ မကြာခင်ရက်ပိုင်းကပဲ သူမ အားကိုးလေးစားရတဲ့ နိုင်ငံ့ဦးသျှောင်နာယကကြီးကို နှမြောတသစရာ လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။ အဆိုးဆုံးအခြေအနေကိုရောက်နေတဲ့ ကျွန်မတို့ မြန်မာနိုင်ငံဟာ အကောင်းတွေဘက် ပြန်လှည့်လာဖို့ မျှော်လင့်ရပါတယ်။ အလွှာပေါင်းစုံ စည်းလုံးပါဝင်တဲ့ ပန်းတိုင်ရောက်လု နွေဦးတော်လှန်ရေးဟာ မပြီးဆုံးသေးပေမဲ့ အားတင်းဆက်လျှောက်နေကြဆဲပါပဲ။ သက်ရှည်အေးမြ တရားရပါစေ “စု”မေမေ။

တော်ပါ တန်ပါ

စစ်အာဏာ

မြန်မာပြည်မှ ထွက်သွားပါ။

ဒီကာလမှာ မြန်မာတွေဟာ အရာရာဟာ ဆွေးဆွေးမြည့်မြည့် တရွေ့ရွေ့နဲ့ အသက်မပါ ကျောက်ရုပ်တွေလို နေ့ ညတွေကို ဖြတ်သန်းနေကြရပါတယ်။ လူသားမဆန်တဲ့ လူ့ငရဲပမာ လူဖြစ်ရှုံးနေကြဆဲပါပဲ။ တော်ရာမှာ ပျော်အောင်နေရပေမဲ့ နှလုံးသားတွေက ဟိုးအဝေးက ချည်တိုင်ဆီမှာ တရစ်ဝဲဝဲ တဝဲလည်လည်ပါပဲ။ ပင့်သက်တွေကြား အရာရာဟာ တရားရလို့ ဘုရားတ နေကြရတာပါပဲ။ လက်ရှိအခြေအနေဟာ အာဏာရူးတွေဟာ လမ်းတွေ့သူဖမ်း၊ စစ်မှုထမ်းဖို့ ငွေညှစ်နေကြပါတယ်။ ဖမ်းပြီးတဲ့အခါ ဆေးထိုးလိုက်လို့ မိသားစုကိုတောင် မမှတ်မိကြပါဘူးတဲ့။ ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ့်လူမျိုးအချင်းချင်း ဘာလို့ ဒီလောက်တောင်များ ရက်စက်ကြတာပါလဲ။ ခုဆို ပဲခူးဆရာတော်ကြီးဟာ သာသနာ့တာဝန်ထမ်းရင်း ဥပဒေမဲ့စွာ ပစ်ခတ် ပစ်သတ်ခံခဲ့ရပါတယ်။ ရာဇဝတ်သားတို့ရဲ့ လောကမှာ ဥပဒေဟာ ပရမ်းပတာကြီးကို ဖြစ်လို့နေပါတယ်။ ဝမ်းနည်းနေကြတဲ့ ပြည်သူတွေအတွက် အနာပေါ် မွှေနှောက် ငရဲကို အရှင်လတ်လတ် ရောက်နေကြရသလိုပါပဲ။ တော်ပါ တန်ပါ စစ်အာဏာရယ်။ တော်လှည့်ပါ မြန်မာပြည်မှာ စစ်အာဏာကြောင့် ကျွန်သဘောက်ဖြစ် စစ်နွံနစ်နေပါပြီ။

ပန်းပန်ရင် အဖမ်းခံရနိုင်သလို ဆိုရှယ်မီဒီယာသုံးရင်လည်း ထောင်ကျနိုင်ပါသတဲ့။ လျှပ်စစ် မလုံလောက်တဲ့ နေ့ ညတွေနဲ့ ဆန်ဈေး၊ ဆီဈေး ကြက်ဥ‌ဈေးတွေအပြင် လေယာဉ်၊ လက်နက်ကြီး ကြောက်နေကြရတဲ့ ကျတို့ ပြည်သူတွေဟာ ဘယ်လောက်တောင်များ စိတ်နှလုံး ထိခိုက်ခဲ့ကြပြီးပြီလဲ။ ဘယ်လောက်တောင် အားကိုးရာမဲ့နေကြပြီလဲ။ မီးရှို့ဖျက်ဆီးခံထားရတဲ့ အသက် အိုးအိမ်၊ စည်းစိမ်တွေကို နှမြောတသစွာငေးရင်း၊ ဗုံးခိုကျင်းထဲက စာအံနေရတဲ့ ဘဝတွေအတွက် ကျမတို့ ဘာတွေ ပြန်လုပ်ပေးနိုင်မလဲ။ ယုံကြည်အားကိုး၊ စိတ်ချရမှုမရှိတဲ့ ဘဝတွေအတွက် ကျမတို့ ဘာပြန်လုပ်ပေးနိုင်မလဲ။ ခြေစွန့်၊ လက်စွန့်၊ အသက်စွန့်ထားသူတွေအတွက် ကျမတို့ ဘာတွေ ပြန်လုပ်ပေးနိုင်မလဲ။ ယုံကြည်မှုအတွက် အနာဂတ်စွန့်ထားသူတွေအတွက် ကျမတို့ ဘာများ လုပ်ပေးနိုင်မလဲ။

သူမကရော အပြုစုခံပြီး သက်တောင့်သက်သာ ဖြတ်သန်းရမယ့်အချိန်တွေမှာ ထောင် ဆိုတဲ့ ကြမ်းတမ်းလှတဲ့နေရာမှာ ဘယ်လောက်တောင် ခက်ခဲ ပင်ပန်းလိုက်မလဲ။ ထမင်းစားလို့ရော အဆင်ပြေရဲ့လား။ အိပ်ရေးဝရဲ့လား။ ဝမ်းမှန် ဆီးမှန် ပြီး ခေါင်းရော ကြည်ရဲ့လား။ သားတွေနဲ့ မြေးတွေကို သတိရနေမလား။ သားငယ် လက်ဆောင်ပေးခဲ့တဲ့ ခွေးလေးကို သတိရနေမလား။ သွားလေသူ ခင်ပွန်းသည်ကိုများ လွမ်းဆွတ်နေလိမ့်မလား။ အမေ ပေးတဲ့ အားအင်တွေနဲ့  အဖေ့ ဆန္ဒတွေအတွက် ကြိုးစားလုပ်ဆောင်ပေးနေလို့ သူမ ကျေနပ်နေမလား။ ဒီမေးခွန်းတွေ ဘယ်လောက်ပင် များနေလည်းပဲ အဖြေမရတဲ့ ပုစ္ဆာများလိုပါပဲ။ အမြန်ဆုံး ပြည့်ဝချင်လိုက်တာ ဆန္ဒတွေရယ်။ ကျန်တဲ့ သက်တမ်းတွေမှာ သက်သောင့်သက်သာ မြင်ချင်စမ်းပါဘိ စု မေမေ။

အရာရာ အားငယ်မိပေမယ့် စုမေမေရဲ့ စကားတွေကို ပြန်ကြားယောင်မိတော့ နောက်ကျောဘက်က လာပြောနေသလို စိတ်ဓာတ်တက်ကြွလာမိပါတယ်။ စုမေမေရဲ့ စကားတွေက ယိမ်းယိုင်လာနေတဲ့ စိတ်အစဉ်ကို လမ်းကြောင်းမှန်အောင် တည့်မတ်ပေးနေသလိုပါပဲ။ ကျွန်မတို့ဟာ စုမေမေပေးတဲ့ အားအင်တွေနဲ့ ဆက်လျှောက်နေကြပါတယ်။ သူမ မွေးနေ့မှာ သူမပုံ အမှတ်တရပစ္စည်းတွေကို မက်မက်မောမောသိမ်းဆည်း။ သူမကိုလွမ်းတဲ့ ကဗျာတွေ စာတွေ ရေးကြ။ ပန်းချီ၊ သီချင်းတွေ ပျံ့လွှင့်။ နှင်းဆီ ရနံ့တွေ ထုံသင်း။ အသက် ၊ သွေး၊ ချွေးတွေနဲ့ သူမအတွက် ကောင်းကျိုးရဖို့ လှူဒါန်းကြ။ သူမ ဖြစ်စေချင်သလို ကြိုးစား ကျင့်ကြံ နေထိုင်ဖို့ ကြိုးစားနေကြပါတယ်။ ကောင်းမှုမြတ်နိုးတဲ့ စုမေမေနဲ့အတူ တိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားကြရင်းက ကောင်းကျိုးတွေ အမြန်ရဖို့ ကျွန်မတို့အားလုံး နွေဦးမှာ ညီညွတ်စွာနဲ့ စုပေါင်း တော်လှန် ကြိုးစားကြပါစို့။ ။

သန့်ကေသာ ( CDM ပညာရေးဝန်ထမ်းတဦး) 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013