Home
မြန်မာသတင်း
ကန်သုံးဆင့်ကျောင်းတိုက်တွင် စစ်သားများ ဝင်ရောက်တပ်စွဲထား
DVB
·
June 22, 2024

ပဲခူး ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ပစ်သတ်ခံရတဲ့ဖြစ်စဉ်ကို ထုတ်ဖော်မိန့်ကြားခဲ့တဲ့ မင်္ဂလာဒုံမြို့နယ်က ကန်သုံးဆင့်ကျောင်းတိုက်ဆရာတော်ရဲ့ကျောင်းမှာ စစ်သားတွေ တပ်စွဲထားတယ်လို ဒေသခံတွေဆီက သိရပါတယ်။

မင်္ဂလာဒုံမြိုနယ်၊ ၁/က ရပ်ကွက်မှာရှိတဲ့ ကန်သုံးဆင့်ကျောင်းမှာ စစ်တပ်က အခင်းဖြစ်တဲ့ နေ့ကတည်းက ရောက်ရှိတပ်စွဲထားတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီကျောင်းအနီးနေထိုင်သူတယောက်က  “စဖြစ်တဲ့နေ့တည်းက ဟိုကောင်တွေရောက်နေတာပဲ။ အခုထိ စွဲထားတုန်း။ ဆရာတော်သတင်းတော့ ဘာမှမကြားဘူး” လို့ ပြောပါတယ်။

ကန်သုံးဆင့်ကျောင်းဆရာတော်အနေနဲ့ ကျောင်းကိုပြန်ရောက်တယ်လို့ မကြားရသလို လုံခြုံရေးတွေရှိနေလို့ သွားရောက်စုံစမ်းမေးမြန်းမရသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။

အခုလို စစ်တပ်က လုံခြုံရေးယူတပ်စွဲတာဟာ ဆရာတော်ရဲ့ တပည့်သံဃာတွေနဲ့ ဒကာ၊ ဒကာမတွေ မကျေမနပ်ဖြစ်ပြီး ဆူပူမှာကိုစိုးရိမ်တာကြောင့် ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်နဲ့ ကန်သုံးဆင့်ဆရာတော်တို့ လိုက်ပါလာတဲ့ကားကို ဇွန် ၁၉ ရက် မနက် ၁၀ နာရီခွဲလောက်မှာ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း စစ်တပ်က ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီပစ်ခတ်မှုကို PDF တွေပြုလုပ်တာလို့ စစ်ကောင်စီက ကနဦးသတင်းထုတ်ပြန်ခဲ့ပေမယ့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကန်သုံးဆင့်ဆရာတော်က ဖောကားပေါ်ကနေ သေနတ်နဲ့ ၇ ချက် ၈ ချက်ပစ်ခဲ့တာလို့ ထုတ်ဖော်မိန့်ကြားခဲ့ပါတယ်။

ဒါ့အပြင် ဆရာတော်ကို ဆေးကုမပေးသေးဘဲ နန်းတွင်းကိုခေါ်ပြီး အကြိမ်ကြိမ် စစ်ဆေးမေးမြန်းခဲ့ကြောင်းလည်း ဆရာတော်က ဆိုပါတယ်။

ပစ်ခတ်မူဖြစ်စဉ်ကို ကန်သုံးဆင့် ဆရာတော်က လူသိထင်ရှားထုတ်ဖော်​မိန့်ကြားလိုက်ပြီးတဲ့နောက်  အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆင့်မြင့်အရာရှိတွေပါဝင်တဲ့ အဖွဲ့တဖွဲ့နဲ့ အဖြစ်မှန်ကို စုံစမ်းစစ်ဆေး ဖော်ထုတ်မယ်လို စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်​ဇော်မင်းထွန်းက ပြောလာပါတယ်။

ဆရာတော်ရဲ့အခုလို မိန့်ကြားမှုကြောင့် စစ်တပ်ကအညှိုးထား ရန်ရှာမှာကို စိုးရိမ်နေရတယ်လို့လည်း အဲဒီကျောင်းတိုက်နဲ့နီးစပ်သူတွေကပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013