ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဗန်းမောက်ရွာကို စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်လို့ ဒေသခံ ၃ ယောက် သေဆုံးပြီး လင်ခံရွာမှာလည်း မိသားစုဝင် ၄ ယောက် ဒဏ်ရာရသွားပါတယ်။
ဆောင်းပြောင်း လက်နက်ကြီးတပ်က ပစ်ခတ်တာဖြစ်ပြီး ဇွန် ၂၀ ရက်ညမှာ လင်ခံ(လင်းခေး)ရွာက အိမ်တအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲပြီး မိသားစုဝင် ၄ ယောက် ဒဏ်ရာ အပြင်းအထန် ရသွားပါတယ်။
ဇွန် ၂၁ ရက် မနက်ပိုင်းမှာတော့ ဗန်းမောက်ရွာထဲကို လက်နက်ကြီးကျရောက်လို့ ရွာခံ ၃ ယောက်သေဆုံးပြီး ကလေးငယ် ၁ ယောက်ကတော့ ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗန်းမောက် ဒေသခံတယောက်က “လင်ခံရွာက ကလေး ၂ ယောက်ရယ်၊ ကလေးမိဘနဲ့ ၄ ယောက်ပေါ့နော်။ နောက် ဒီမနက် ဗန်းမောက်ရွာကျတော့ ၃ ဦးပွဲချင်းသေဆုံးတယ်။ နောက် ဒဏ်ရာရသူက ကလေးဖြစ်တယ်။ လက်နက်ကြီးအစ ရင်ဘတ်ထိတော့ ဒဏ်ရာ ပြင်းထန်တယ်။ အသက်အန္တရာယ်စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရရှိသူတွေကို နီးစပ်ရာဆေးရုံတွေမှာ ကုသပေးနေပြီး လက်ရှိ ဗန်းမောက်၊ နမ်းဖာမူ၊ လင်ခံ၊ လဲလောင်း၊ ဆောင်လန်ကျေးရွာတို့နားမှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ပင်လောင်းမြို့တောင်ဘက်ကျေးရွာတွေမှာ ဇွန် ၁၈ ရက်ကနေ ဇွန် ၂၁ ရက်အထိ ၄ ရက်အတွင်း စစ်တပ်လက်နက်ကြီးကြောင့် သံဃာ ၁ ပါး အပါအဝင် အရပ်သား ၅ ယောက် သေဆုံးပြီး အသက် ၁၀ နှစ်အောက် ကလေးငယ် ၅ ယောက် အပါအဝင် အရပ်သား ၁၈ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ပရဟိတတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “တိုက်ပွဲ နေ့နေ့ညညပဲ ၄ ရက်ရှိပြီ။ စစ်ကောင်စီလည်း လက်နက်ကြီး၊ ဒရုန်းတွေနဲ့ လာပစ်တော့ ရွာသားတွေပါထိတာ။ လက်နက်ကြီးလည်း ရွာထဲကျတာများတယ်။ ဒီဘက် ရွာသားတွေက တောထဲနဲ့ ဖယ်ခုံမြို့ အနောက်ဘက် ဒေသတွေပဲ ရှောင်သွားတာများတယ်။ ပင်လောင်း၊ ညောင်ရွှေမြို့ကို ဝင်တဲ့လမ်းလည်း စစ်ကောင်စီနဲ့ PNO က ပိတ်ထားနေဆဲ” လို့ ပြောပါတယ်။
ဇွန် ၁၉ ရက်နေ့ကလည်း လင်ခံရွာနားမှာ ခြံကို သွားနေတဲ့ ဟံတနျားရွာနေ ဦးခေါင်ဆိုသူ အမျိုးသားတယောက် လက်နက်ကြီးထိပြီး ဆေးကုသနေတုန်း ဇွန် ၂၀ ရက်နေ့က တီကျစ်မြို့ ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။
လက်ရှိမှာ ကရင်နီတော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီအပါအဝင် PNO ပြည်သူ့စစ်တို့အကြား စစ်ရေးတင်းမာနေပြီး အခုတော့ နှစ်ဖက်လုံးက အင်အားဖြည့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။