မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ၊ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်ဥက္ကဋ္ဌနဲ့ ဆန်ကုန်သည်တချို့ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ဆန်ဂိုဒေါင်နဲ့ ဆိုင်တွေကို လိုက်လံစစ်ဆေးနေတယ်လို့ ကုန်သည်အသိုင်းအဝိုင်းက ပြောပါတယ်။
ဇွန် ၂၁ ရက် မနေ့ညနေ ၅ နာရီခွဲအချိန်က အစည်းအဝေးတက်စရာရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ နေပြည်တော်ကိုခေါ်ယူခံရတဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် အပါအဝင် ၂ ဦး၊ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးလူမော်မြင့်မောင် အပါအဝင် ၂ ဦး၊ စုစုပေါင်း ၄ ဦး တို့ကို စစ်ကောင်စီက ဖမ်းစီးထိန်းသိမ်းလိုက်တယ်လို့ ဆန်ကုန်သည်များအသင်းရဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။
“သူတို့ကို တိုက်ရိုက်ဆင့်ခေါ်တာရော၊ စာနဲ့ရောခေါ်ပြီးဖမ်းထားတာ။ ဥက္ကဋ္ဌတွေနဲ့အတူ အဖမ်းခံရသူတွေက အိမ်ပြန်ရောက်တဲ့အချိန် ပြန်လာခေါ်ပြီးဖမ်းသွားတာ။ ဆန်ဈေးတွေကြီးနေတော့ သူတို့နဲ့ ညှိဖို့ ထိန်းသိမ်းထားတာလို့တော့ယူဆရတယ်” လို့ ပြောပါတယ်။
အဲဒီနောက် စစ်ကောင်စီဟာ ရန်ကုန်မှာရှိတဲ့ ဆန်ပွဲရုံတွေနဲ့ ဆန်ဆိုင်တွေကို လိုက်လံစစ်ဆေးနေပြီး လူစားသုံးမှုများတဲ့ ဆန်တွေကို အိတ် ၁၀၀၀ အထက်သိုလှောင်ထားရင် ဖမ်းဆီးမယ်လို့လည်း ဆန်ကုန်သည်တွေဆီက သိရပါတယ်။
ကုန်သည်လုပ်ငန်းရှင်တယောက်က “ရက်ကိုးဆယ်တို့ ရွှေဘိုပေါ်ဆန်းတို့ဆိုရင် နာမည်ကြီး၊ လူစားများတယ်။ ဈေးတွေကလည်း မြင့်နေတာဆိုတော့ အသိဆန်ဆိုင်တွေမှာ ဈေးနှုန်းတွေတပ်မထားဖို့ လှမ်းသတိပေးထားရတယ်။ လက်ရှိတပ်ထားတဲ့ဈေးနှုန်းတွေကိုလည်း ပြင်ဖို့၊ ဘောက်ချာတွေမှာလည်း ဈေးနှုန်းတွေလျှော့ပြီး ပြင်ထားဖို့တွေ လုပ်ကြစေချင်တယ်။ အခု လိုက်စစ်ဆေးနေတာ ဆန်ဈေးနှုန်းတွေမြင့်လို့ဆိုပြီး စစ်ဆေးနေကြတာ” လို့ ပြောပါတယ်။
လက်ရှိ ရန်ကုန်မြို့မှာ ရွှေဘိုပေါ်ဆန်းတပြည်ကို ကျပ် ၈၀၀၀ အထိဈေးပေါက်နေပြီး ဆန်ကြမ်းတပြည်ကို ကျပ် ၄၀၀၀ လောက်အထိဈေးနှုန်းမြင့်တက်နေသလို စားအုံးဆီဆိုရင်လည်း တပိဿာကိုကျပ် ၁၂၀၀၀ ကျော်အထိ မြင့်တက်နေတာပါ။
စစ်ကောင်စီဟာ ဒီလို ဆန်တွေ၊ ဆီတွေအပြင် တခြားစက်သုံးဆီ၊ ရွှေနဲ့ ဒေါ်လာတွေ ဈေးနှုန်းကြီးမြင့်လာရင် သက်ဆိုင်ရာလုပ်ငန်းတွေရဲ့ အသင်းဥက္ကဋ္ဌတွေကို ဖမ်းဆီး ထိန်းသိမ်းလေ့ရှိပါတယ်။