Home
မြန်မာသတင်း
ဧရာဝတီတိုင်းထွက် ဂဏန်းပျော့များ ဈေးကောင်းမရဘဲ အရှုံးပေါ်နေ
DVB
·
June 22, 2024
Photo Crd-Myo Min

ဧရာဝတီတိုင်းမှာ မွေးမြူရေးဂဏန်း အရေ‌ပျော့တွေကို ပြည်တွင်းဈေးကွက်တခုတည်းကိုသာ အားထားရောင်းချနေရတာကြောင့် ဈေးကောင်းမရဘဲ အရှုံးပေါ်နေကြောင်း ဂဏန်းအရေပျော့ မွေးမြူထုတ်လုပ် တင်ပို့ရောင်းချတဲ့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းက ထွက်ရှိတဲ့ ဂဏန်းအရေပျော့တွေကို ထိုင်း၊ စင်ကာပူ၊ တရုတ်နဲ့ ဥရောပနိုင်ငံတွေဆီ အရင်က တင်ပို့ရောင်းချခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားတာနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဂဏန်းအရေပျော့တွေကို ပြန်လည် မတင်ပို့နိုင်သေးတာ၊ အကန့်အသတ်နဲ့သာ တင်ပို့နေရတာ၊ ပြည်တွင်းဈေးကွက်တခုတည်းကို အားထားနေရတာနဲ့ ဈေးကောင်းမရဖြစ်ပြီး အရှုံးပေါ်နေတာကြောင့် မွေးမြူရေးလုပ်ငန်းများ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာကြောင်း သိရပါတယ်။

မွေးမြူရေးလုပ်ငန်းရှင်တဦးက “ဂဏန်းအရေပျော့လုပ်ငန်းက အရင်ကတည်းက ပြည်ပစျေးကွက်ကိုပဲ အားထားရတာ။ ကိုဗစ်နဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ၃ နှစ်နီးပါး ရှိလာတဲ့အချိန်အထိ ပြည်ပဈေးကွက်နဲ့ ပြန်ပြီးချိတ်ဆက် အလုပ်မလုပ်နိုင်သေးဘူး။ လုပ်ငန်းတွေက ပုံစံတကျ ပြန်မလည်ပတ်နိုင်သေးဘူး။ ပြည်တွင်းဈေးကွက်ကို မှီခိုပြီး လုပ်နေတော့ အခု ရေရှည်ရပ်တည်ဖို့ ခက်ခဲလာတယ်။ လုပ်ငန်းကို အိတ်စိုက်လုပ်နေတာ တောင့်မခံနိုင်တော့ဘူး၊ အရှုံးပဲပြနေတယ်” လို့ ပြောပါတယ်။

အခုလို ပြည်တွင်းဈေးကွက်တခုတည်းကို ဂဏန်းအရေပျော့တွေ အားထားတင် ပို့ရောင်းချနေရတာကြောင့် အရင်က ဂဏန်းပျော့ တပိဿာကို ငွေကျပ် ၁၇,၅၀၀ မှ ၂၅,၀၀၀ အထိ ဈေးရရှိခဲ့ပြီး လက်ရှိ ဂဏန်းပျော့ တပိဿာကို ငွေကျပ် ၁၂,၀၀၀ အထိသာ ရရှိတော့လို့ လုပ်သားခ၊ သွင်းအားစုစရိတ်၊ တခြား အထွေထွေကုန်ကျစရိတ်တွေနဲ့ နှိုင်းယှဉ်တွက်ချက်ပါက အရှုံးပေါ်နေတာဖြစ်ကြောင်း သိရပါတယ်။

လပွတ္တာမြို့နယ်က ဂဏန်းအပျော့ မွေးမြူရေးလုပ်ငန်းရှင်တယောက်က “ဒီလုပ်ငန်းက အားလုံးအသိပဲ၊ ပြည်ပဈေးကွက်ရှိမှ အဆင်ပြေတာ။ ဂဏန်းအရေပျော့ရဲ့ ဈေးနှုန်းကလည်း ပြည်ပဈေးကွက်နဲ့ ပြည်တွင်းဈေးကွက် ယှဉ်တဲ့အခါ အရမ်းကွာတယ်။ ကိုယ့်လုပ်ငန်းကို ဖက်တွဲနေတာနဲ့ ကိုယ့်ကိုမှီခိုနေတဲ့ လုပ်သားတွေ အဆင်ပြေစေဖို့ အဆင်ပြေလာမလားဆိုတဲ့ အတွေးနဲ့ လုပ်လာတာ။ အရှုံးခံထိနေတာ မနည်းတော့ဘူး။ ကာလရှည်လည်း အရှုံးခံ ဆက်မလုပ်နိုင်တော့ဘူး။ ဒီဈေးနဲ့က လုပ်သားခတောင် ပြန်မဝင်လို့ ဒီလကုန်အထိ စောင့်ကြည့်လို့ အဆင်မပြေရင် နားပြီ” လို့ ပြောပါတယ်။

အဆိုပါ ဂဏန်းအရေပျော့ လုပ်ငန်းရှင်တွေဟာ ဂဏန်းအရေပျော့ ရရှိစေဖို့အတွက် ဂဏန်းအခွံမာကောင်တွေကို ဝယ်ယူပြီး ခြေထောက်နဲ့ လက် ၄ ချောင်းတွေကို ဖြတ်ပြီး ရေထဲချ အစားကျွေး မွေးမြူရတာဖြစ်ပြီး ရေထဲချ မွေးမြူလိုက်တဲ့ ဂဏန်းအခွံမာတွေကို ၄ နာရီခြား အရေခွံပြောင်းလဲချိန် စောင့်ကြည့်ပြီး ဂဏန်းပျော့ ရရှိစေဖို့အတွက် ကျွမ်းကျင်လုပ်သားတွေက အလျင်အမြန် ဆယ်ယူရခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ဂဏန်းအရေပျော့လုပ်ငန်းရှင်တွေဟာ ဂဏန်းအရေပျော့လုပ်ငန်းကို ရပ်နားလိုက်ရင် အဲဒီလုပ်ငန်းကို မှီခိုနေတဲ့ လုပ်သားတွေ အခက်အခဲ ရှိလာနိုင်ကြောင်း လုပ်ငန်းရှင်တွေထံက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013