Home
မြန်မာသတင်း
ဝင်းနိမ္မိတာရုံဆရာတော်အား စစ်တပ်က အကြမ်းဖက်ပစ်ခတ်ခဲ့သည့်လုပ်ရပ်ကို မန္တလေး သံဃသမဂ္ဂ ကန့်ကွက်ရှုတ်ချ 
DVB
·
June 22, 2024

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်က နိုင်ငံတော်သံဃမဟာနာယက (မဟန) အဖွဲ့ဝင်ဟောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူတာနဲ့ ပတ်သက်ပြီး  အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း သံဃသမဂ္ဂ (မန္တလေး)က ကြေညာပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အခုလို ရဟန်းရှင်လူပြည်သူလူထုတရပ်လုံး လေးစား ဂုဏ်ယူကြည်ညိုရတဲ့ သံဃနာယကဆရာတော်တပါးကို ဆင်ခြင်မှု ကင်းမဲ့စွာ ပစ်ခတ်သတ်ဖြတ်မှုဟာ လွန်စွာ ထိတ်လန့်ဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်တဲ့အပြင် မိမိတို့  သံဃသမဂ္ဂ(မန္တလေး) အနေနဲ့ ဒီအကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဇွန် ၂၁ ရက်က ထုတ်ပြန်ထားတာပါ။

သံဃသမဂ္ဂ (မန္တလေး) အဖွဲ့၀င်ဆရာတော်တပါးက  “မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်တပ်ရဲ့ လူမဆန်တဲ့လုပ်ရပ်ဖြစ်တဲ့ နိုင်ငံတော်အဆင့် သံဃမဟာနာယက ဆရာတော်တပါး ပျံတော်မူရတာနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။ စစ်တပ်ကပစ်လို့ ဆရာတော်ကြီးပျံတော်မူရတယ်ဆိုတာ ကန်သုံးဆင့်ဆရာတော်ကြီးတင်မကဘူး ဘေးနားမှာရှိတဲ့ ပတ်၀န်းကျင်က ပုဂ္ဂိုလ်တွေသက်သေရှိတယ်။ အခုကိစ္စက တမင်လုပ်ကြံတယ်လို့တောင် ဦးပဥ္စင်းတို့ထင်တယ်။ ဘာလို့လဲဆိုတော့ ဝင်းနိမ္မိတာရုံဆရာတော်ကြီးက အစဥ်အဆက် ပြည်သူ့ဘက်ကပဲရပ်တည်ခဲ့တော့ မင်းအောင်လှိုင်က ကြည်ပုံမပေါ်ဘူး။ ဒါ့ကြောင့်မို့ ဆရာတော်ကြီး ပျံတော်မူသွားတဲ့ဖြစ်စဥ်အပေါ်မှာ တနိုင်ငံလုံးကသံဃာထုကြီးအနေနဲ့ ငြိမ်မနေသင့်ဘူး”လို့ မိန့်ကြားပါတယ်။

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသဟာ ဇွန် ၁၉ ရက်က မန္တလေး ရွှေကျင်နိကာယ ဗဟိုဌာန အစည်းအဝေးတက်ဖို့သွားရောက်ပြီး ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာကို ကားနဲ့သွားရောက်စဥ် FAW ကားပေါ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  ပစ်ခတ်ခဲ့လို့ ဆရာတော် ပျံလွန်တော်မူသွားခဲ့တာပါ။

ရွှေ၀ါရောင်သံဃအရေးအခင်းမှာပါ၀င်ခဲ့တဲ့ ဆရာတော်တပါးက “ဘုရားသားတော်ရဟန်းတော်တွေနဲ့ ပြည်သူတွေကို သတ်ဖြတ်နေပြီး ရာဇော၀ါဒသုတ်မှာလာတဲ့ မင်းကျင့်တရားဆယ်ပါးထဲက တပါးမှမညီတဲ့ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့စစ်တပ် မရှိတော့လေကောင်းလေပဲလို့ ပြောချင်တယ်။ ဝင်းနိမ္မိတာရုံဆရာတော်ကြီးစီးလာတဲ့ကားကို သေနတ်တွေနဲ့၀ိုင်းပစ်တယ်ဆိုတာ သွေးရိုးသားရိုးမဟုတ်ဘူး။ ဒါကြောင့် သံဃသမဂ္ဂ (မန္တလေး) ကထုတ်တဲ့ သဘောထားကြေငြာချက်ကို ထောက်ခံပါတယ်” လို့ မိန့်ကြားပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေကနေ PDF တွေရဲ့လက်ချက်လို့ စွပ်စွဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အခုလိုအာဏာသိမ်းစစ်အုပ်စုအနေနဲ့ ပြည်သူလူထုကို လိမ်လည် လှည့်ဖြား သတင်းအမှားတွေ ထုတ်ပြန်ကာ ပြောင်ပြောင်တင်းတင်း ကျုးလွန်ခဲ့သော စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ် ဖုံးကွယ်ဖို့  ကြိုးစားနေတာဟာ လွန်စွာ စက်ဆုပ်ဖွယ်ရာကောင်းတဲ့  လုပ်ရပ်ဖြစ်တယ်လို့ လည်း သံဃသမဂ္ဂ (မန္တလေး)က ဆိုပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူသွားတာဟာ ဗုဒ္ဓသာသနာတော်နဲ့ နိုင်ငံတော်အတွက် လွန်စွာကြီးမားလှတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး ဆရာတော်ဟာ မြန်မာနိုင်ငံရှိ စာသင်သား-တပည့်သံဃာတော်တွေရဲ့ ရှေ့ဆောင်လမ်းပြ အာဇာနည်ပုဂ္ဂိုလ်ဖြစ်သလို ဆရာတော်ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ဥာဏ်ပညာဂုဏ်ရည်တွေနဲ့ သာသနာတော်အတွက် ကြိုးစားအားထုတ်မှုတို့ဟာ  သမိုင်းဝင် စံတန်ဖိုးထားရမယ့် ပုဂ္ဂိုလ်ဖြစ်တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013