တက္ကသိုလ်ဝင်စာမေးပွဲရမှတ်တွေနဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိရင် တဘာသာကို ကျပ် ၂၅၀၀၀ နဲ့ ပြန်လည်စစ်ဆေးနိုင်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနဆီက သိရပါတယ်။
အခုနှစ်မတ်လက ဖြေဆိုခဲ့ပြီး အောင်စာရင်းထွက်ရှိထားပြီးဖြစ်တဲ့ ၂၀၂၃-၂၄ ပညာသင်နှစ် စနစ်သစ် Grade 12 စာမေးပွဲအောင်စာရင်းရမှတ်တွေကို ထုတ်ပေးတော့မှာဖြစ်ပြီး စာမေး ပွဲအောင်စာရင်းရမှတ်တွေနဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိရင် သတ်မှတ်ငွေကြေးပေးဆောင်ကာ နေပြည်တော်နဲ့ ရန်ကုန်ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကို သွားရောက် လျှောက်ထားနိုင်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“အဖြေလွှာကို ပြန်လည်ကြည့်ရှုခွင့်မပြုဘဲ ပြန်လည်စစ်ဆေးခွင့်ရမှာပါ။ သက်ဆိုင်ရာ ပြန်လည်စိစစ်ရေးအဖွဲ့က အဖြေလွှာကို ထပ်ဆင့်စစ်ဆေးပြီး မှန်ကန်မှု ရှိ/မရှိ တရားဝင် ရုံးစာနဲ့ ပြန်လည် အကြောင်းကြားပေးပါတယ်။ စစ်ဆေးတွေ့ရှိချက်အရ အမှတ်စာရင်း/အောင်စာရင်း ပြင်ဆင်ဖို့ လိုအပ်ရင် ပြင်ဆင်ပေးပါတယ်။”
အခုထွက်ရှိထားတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းတွေကို အမှတ်စာရင်းတွေကို စနေ၊ တနင်္ဂနွေနေ့မှ အပထုတ်ပေးမှာဖြစ်ပြီး ထုတ်ပေးမယ့်ရက်ကိုတော့ အတိအကျမသိရသေးပဲ အမှတ်စာရင်းတွေကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် ၅၂၊ နေပြည်တော်နဲ့ ရန်ကုန်(ရုံးခွဲ)၊ အမှတ်(၄/၅)၊ ပါရမီလမ်း၊ လှိုင်မြို့နယ်တို့မှာ ထုတ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့တာဝန်ရှိသူက “အခုအွန်လိုင်းမှာ ကြိုသိရမယ်ဆိုပြီး ပိုက်ဆံယူ အမှတ်စာရင်းထုတ်ပေးတယ်ဆိုတာတွေက တခုခုအမှားအယွင်းဖြစ်လို့ အမှတ်စာရင်းမရရင် ကာယကံရှင်တွေ နစ်နာရမယ်။ ဒါကြောင့် ကိုယ်တိုင်ထုတ်ယူတာအကောင်းဆုံးပါ”လို့ အသိပေး ပါတယ်။
အနှစ်မှာတော့ အမှတ်စာရင်း ထုတ်ပေးမှုကို အာဏာမသိမ်းခင်ကလို တခြားနယ်မြို့နယ်တွေအထိ လိုက်လံထုတ်ပေးတော့မှာမဟုတ်ဘဲ အွန်လိုင်းနဲ့လည်း ဆောင်ရွက်မပေးနိုင်တာကြောင့် ရပ်ဝေး၊ ရပ်နီးက ကျောင်းသားကျောင်းသူတွေအနေနဲ့ နေပြည်တော်နဲ့ ရန်ကုန်မှာသာ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။
အခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသားကျောင်းသူ ၁၂၀,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုပြီး ၇၀,၀၀၀ ကျော် အောင်မြင်ထားပါတယ်။