Home
မြန်မာသတင်း
ဖြူးမြို့နယ်၌ စစ်စခန်းတိုက်ခိုက်ခံရ၊ ထားဝယ်ရေနက်ဆိပ်ကမ်းကိုလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၈ ဦးသေ
DVB
·
June 21, 2024
Photo Crd-အာဠာဝကစစ်ကြောင်း
Photo Crd-အာဠာဝကစစ်ကြောင်း

ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အထိုင်စခန်းတခုကို ဇွန် ၂၀ ရက် ည ၁၁ နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး သေနတ် ၂ လက် အပါအဝင် ခဲယမ်းတွေ သိမ်းဆည်းရရှိ​ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃ အာဠာဝကစစ်ကြောင်းရဲ့ တာဝန်ခံတဦးက “ကျွဲနွယ်ကုတ်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်အထိုင်စခန်းကို ကျနော်တို့ တော်လှန်ရေးတပ်ပေါင်းစုတွေ ဝင်ရောက်စီးနင်းခဲ့ကြတာပါ။ စစ်သားတွေဘက်က ၁ ယောက် သေပြီးတော့ ကျန်တဲ့သူတွေက စခန်းစွန့်ခွာ ထွက်ပြေးသွားကြပါတယ်” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ် အထိုင်စခန်းကို KNLA၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဖြူး)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(သာယာဝတီခရိုင်)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃ အာဠာဝကစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြ​တယ်လို့ ဆိုပါတယ်။

အာဠာဝကစစ်ကြောင်းရဲ့ တပ်ဖွဲ့ဝင်တဦးက “‌ခန်းကိုတော့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြပါတယ်” လို့ ပြောပါတယ်။

အဆိုပါစခန်းကနေ ခြောက်လုံးပြူး သေနတ် ၁ လက်၊ အူဇီသေနတ် ၁ လက်၊ G3 ကျည်ဘောက် ၄ ခု၊ G3 ကျည် ၁၉၈ တောင့်၊ အူဇီကျည်ဘောက် ၄ ခု၊ MA1 ကျည် ၂ဝ တောင့်၊ ၃၈ ကျည် ၁၆ တောင့်၊ ၉ မမ ကျည် ၆၀ တောင့်၊ မှတ်စုစာအုပ် ၁ အုပ်နဲ့ ငွေကျပ် ၂၂,၂ဝဝ တို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းမှာလည်း ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ထားဝယ်ရေနက်ဆိပ်ကမ်းကို ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ၈ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရတာကြောင့် မသန်စွမ်းအမျိုးသားတဦးကို သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့သွားတယ်လို့ ဗထူးတပ်မတော်က ပြောပါတယ်။

ရေဖြူမြို့နယ်ကနေ ထားဝယ်ရေနက်ဆိပ်ကမ်း (နဘုလယ်ရေနက်ဆိပ်ကမ်း) ကို ဝင်လာတဲ့ အင်အား ၁၀၀ လောက်ရှိတဲ့ ခြေလျင်စစ်ကြောင်းကို ဇွန် ၁၉ ရက် မွန်းလွဲ ၂ နာရီက ရေဖြူမြို့နယ် မူဒူးကျေးရွာအနီးမှာ ဗထူးတပ်မတော်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် မိနစ် ၂၀ လောက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၈ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ ဗထူးတပ်မတော်ဘက်က ရဲဘော် ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဗထူးတပ်မတော် တာဝန်ရှိသူတဦးက “စကစစစ်ကြောင်းက ၁၈ ရက်နေ့တည်းက ရေဖြူဘက်က နဘုလယ် ရေနက်ဆိပ်ကမ်းလာတာ။ စမူဒူးကျေးရွာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ဝာာ။ အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မိနစ် ၂၀ ကျော် တိုက်ပွဲဖြစ်တယ်။ ထိတွေ့မှုမှာ စစ်သား ၈ ဦး မျက်မြင်သေပြီး အများအပြား ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာပဲ နောက်ထပ် သေဆုံးမယ့်သူတွေလည်း ရှိပါအုံးမယ်‌ဗျာ” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ မူဒူးကျေးရွာထဲ ဝင်ရောက်တပ်စွဲပြီး မသန်စွမ်း အမျိုးသားတဦးကို သတ်ဖြတ်ကာ နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ရွာကသူတွေက စစ်ရှောင်နေပြီး အိမ်စောင့်ဖို့ ကျန်နေတဲ့သူတွေထဲက ဆွံ့အနားမကြား မသန်စွမ်းတဦး ပစ်သတ်ခံလိုက်ရတာ။ အိမ်က လေးငါးလုံး အရှို့ခံလိုက်ရတယ်။ စစ်ကြောင်းကတော့ အခု ရွာထဲက ထွက်သွားပါပြီ။ ဘာတွေထပ်ပြီး ဖျက်ဆီးသွားလဲ၊ ဘာပစ္စည်းတွေ ယူသွားလဲ ဆိုတာတော့ သေချာမသိသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ၂၀ ရက်နေ့ မနက်အစောပိုင်းက ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ရှိတဲ့ စစ်ကောင်စီ အခြေစိုက်စခန်းကို ရောက်ရှိသွားပြီလို့ ဗထူးတပ်မတော်က ပြောပါတယ်။

စစ်ကောင်စီဟာ မိုးတွင်းကာလဖြစ်တာကြောင့် ရေလမ်းကနေ အင်အားဖြည့်တင်းလို့ မရတဲ့အတွက် ရေး-ထားဝယ် လမ်းကြောင်းကို စစ်ကြောင်း ၄ ကြောင်းထိုးပြီး တနင်္သာရီတိုင်းကို အင်အားဖြည့်တင်းနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဇွန် ၁၉ ရက်နေ့မှာပဲ ရေဖြူမြို့နယ် မျောက်ချောကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၄၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီကြောင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013