Home
နိုင်ငံတကာ
နော်ဝေလက်နက်ကုမ္ပဏီ  ဒုံးကျည်စက်ရုံသစ် ဖွင့်လှစ်
DVB
·
June 21, 2024
Photo -REUTERS

ယူကရိန်းမှာ ရုရှားစစ်ပွဲကြောင့် အနောက်နိုင်ငံတွေက လက်နက်ဝယ်လိုအား မြင့်မားလာမှုနဲ့ တရုတ်နိုင်ငံက သူ့စစ်တပ်ရဲ့ လက်နက်တွေကို ခေတ်မီအောင် လုပ်ဆောင်လာတာကြောင့် နော်ဝေ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သူ Kongsberg ဟာ ဒုံးကျည်စက်ရုံသစ်တခုကို ဇွန် ၂၀ ​​ရက်က ဖွင့်လှစ်ခဲ့ပါတယ်။

Kongsberg လက်နက်ကုမ္ပဏီဟာ သူ့ဒုံးကျည်တွေ ဝယ်လိုအား တိုးလာတာကို မြင်တွေ့ခဲ့ပြီး ရုရှားက ယူကရိန်းကို အပြည့်အဝ မကျူးကျော်ခင် ၂၀၂၁ ခုနှစ်မှာကတည်းက  စက်ရုံအသစ် တည်ဆောက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။

နော်ဝေ ဒုကာကွယ်ရေးဝန်ကြီး အန်းမာရီ အန်းနရုဒ်က “ယူကရိန်းမှာ စစ်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားပြီး ၂ နှစ်ခွဲကျော် ကာလအတွင်းမှာ ကာကွယ်ရေးပစ္စည်းတွေနဲ့ အထူးသဖြင့် ဒုံးကျည်တွေနဲ့ ခဲယမ်းမီးကျောက်တွေအတွက် ဝယ်လိုအားတွေ တိုးလာနေတဲ့ အခြေအနေကို ကြုံလာရတယ်” လို့ ပြောပါတယ်။

ဒါကြောင့် အနောက်တိုင်း ကာကွယ်ရေးစက်မှုလုပ်ငန်းဟာ ကြီးထွားလာနေတဲ့ ဈေးကွက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့အတွက် သူတို့ရဲ့စွမ်းဆောင်ရည်ကို ချဲ့ထွင်ဖို့ကလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။

ဒီစက်ရုံဟာ ဒီနေ့ခေတ် ကမ္ဘာ့ခေတ်အမီဆုံး ဒုံးပျံစက်ရုံအသစ်စက်စက် ဖြစ်ကြောင်းနဲ့ ဒီနေ့ဖွင့်လှစ်လိုက်ပြီး နွေရာသီအပြီးမှာ ထုတ်လုပ်ရေးကို စတင်တော့မှာပါလို့ ကွန်းစ်ဘာ့ဂ် ကာကွယ်ရေးနဲ့ အာကာသဌာန အကြီးအကဲ အေရစ်ခ်လိုင်းက ပြောပါတယ်။

စစ်လက်နက်တိုက် ဆိုတာထက် ကြီးမားတဲ့ နည်းပညာဓာတ်ခွဲခန်းနဲ့ ပိုတူတဲ့ လက်နက်စက်ရုံသစ်ဟာ နော်ဝေငွေကြေး သန်း ၆၄၀ ကုန်ကျစရိတ်ရှိပြီး နော်ဝေအစိုးရက ခရောင်းန်ငွေ သန်း ၂၀၀၊ ဥရောပသမဂ္ဂက ၁၀ သန်း ပေးထားပါတယ်။

လူပေါင်း ၁,၂၀၀ လောက်ကို အလုပ်ခန့်မယ့် ဒီစက်ရုံမှာ ရေတပ်ပစ်ဒုံးကျည် (NSM) နဲ့ သူနဲ့ဆက်စပ်နေတဲ့ ပူးတွဲတိုက်ခိုက်ရေးဒုံးကျည် (JSM) အပြင် လော့ခ်ဟိထ်မာတင် ကုမ္ပဏီရဲ့ F35 တိုက်လေယာဉ်တွေအတွက် ခရုဇ်ဒုံးကျည်တစင်းကိုလည်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

အဲဒီစက်ရုံဟာ တနှစ်ကို ဒုံးကျည် ရာနဲ့ချီ ထုတ်လုပ်မှာဖြစ်ပေမဲ့ အရေအတွက် အတိအကျကို ပြောကြားဖို့ ငြင်းဆိုထားပါတယ်။

ရေတပ်ပစ်ဒုံးကျည် NSM ကို လက်ရှိမှာ နိုင်ငံပေါင်း ၁၄ နိုင်ငံမှာ အသုံးပြုနေပြီး အဲဒီထဲက ၁၁ နိုင်ငံဟာ NATO သို့မဟုတ် EU အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြောင်း ကွန်းစ်ဘာ့ဂ်က ဆိုပါတယ်။

NATO မဟာမိတ်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ ဒုံးကျည်တွေ ထုတ်လုပ်ရေးကို တိုးမြှင့်ဖို့၊ တစိတ်တပိုင်းအားဖြင့် ယူကရိန်းကို ထောက်ပံ့ရေးကို အပြိုင်အဆိုင် လုပ်ဆောင်နေတာသာမက သူတို့ဆီမှာလည်း လက်နက်သိုလှောင်ရေးမှာ ပြန်ဖြည့်တင်းဖို့နဲ့ ခြိမ်းခြောက်မှုအသစ်တွေကို တန်ပြန်နိုင်စေဖို့တွေကို လုပ်ဆောင်နေတာပါ။

ကွန်းစ်ဘာ့ဂ်က ဒုံးကျည်တွေ ဝယ်လိုအားဟာ ၂၀၁၈ ခုနှစ်တုန်းက အမေရိကန်ရေတပ်ကနေ ရေတပ်တိုက်ခိုက်ရေး ဒုံးကျည်တွေ ဝယ်ယူရေးအမှာစာ ရရှိခဲ့ပြီးချိန်ကတည်းက နိုင်ငံအများအပြားဆီကနေ ဝယ်လိုအား တိုးလာခဲ့ကြောင်း Kongsberg  စက်ရုံအကြီးအကဲ အေရစ်ခ်လိုင်းက ပြောပါတယ်။

နိုင်ငံတော်တော်များများဟာ သူတို့ရဲ့ ကာကွယ်ရေးအသုံးစရိတ်တွေကို တိုးမြှင့်လာနေကြတာကို မြင်တွေ့နေရပြီး ဒါဟာ ရေရှည်အသုံးစရိတ် တိုးလာဖို့နဲ့ ဒုံးကျည်စနစ်တွေအတွက် ဝယ်လိုအား တိုးလာဖို့တွေကိုလည်း မျှော်လင့်ပါကြောင်း ပြောသွားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013