Home
မြန်မာသတင်း
ကရင်နီပြည် အမြန်ဆုံးထူထောင်နိုင်ရန် NUG ဆန္ဒပြု၊ ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်း ချုပ်နိုင်ပြီဟု KNPP ပြော 
DVB
·
June 21, 2024

ကရင်နီ တော်လှန်ရေးတေပ်ပေါင်းစုတွေအနေနဲ့ ၂၀၂၄ ခုနှစ်မှာ ကျန်ရှိနေတဲ့ အကြမ်းဖက် မြန်မာစစ်အုပ်စုရဲ့ စခန်းနေရာတွေကို ချေမှုန်းပြီး ကရင်နီပြည်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇွန် ၂၁ ရက် ကျရောက်တဲ့ ၁၄၉ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ KNPP က အခုလို ထည့်သွင်းပြောဆိုလိုက်တာဖြစ်ပြီး လက်ရှိ စိန်ခေါ်မှုတွေ ရှိနေပေမဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြန်လည်ရရှိရေးအတွက် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တော်လှန်စိတ်ဓာတ်တွေ ဆက်လက် တည်ရှိနေမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကရင်နီပြည်ဟာ ၂၀၂၁ ခု ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးကတည်းက ပဋိပက္ခဒဏ်ကို နက်နက်ရှိုင်းရှိုင်းခံစားနေရပြီး ကရင်နီလူဦးရေ ၄၀ ရာခိုင်နှုန်းကျော်ဟာ ၂၀၂၁ ခု မေလကစပြီး အတင်းအကျပ် ရွှေ့ပြောင်းခဲ့ရကြောင်းလည်း ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ကရင်နီပြည်ရှိ ပြည်တွင်းနေရပ်စွန်ခွာသူ (IDPs) စခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံဆေးခန်းတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေပြီး မော်တာတွေ၊ မြေမြှုပ်မိုင်းတွေနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရပြီး အသက်တွေ ဆုံးရှုံးနေရကြောင်း ထုတ်ပြန်တယ်။ စစ်ကောင်စီဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားတွေကို ပဋိပက္ခဖြစ်ပွားရာနေရာတွေမှာ လူသားဒိုင်းအဖြစ် ခိုင်းစေခဲ့ကြောင်းလည်း ဆိုပါတယ်။

KNPP ဟာ သမိုင်းကြောင်းကို အခြေခံပြီး အမျိုးသားတန်းတူရေး၊ တရားမျှတမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ကျင့်သုံးနိုင်ရေးအတွက် ခုခံတော်လှန်ရေးကို ဆင်နွှဲနေပါတယ်။

အလားတူ ကရင်နီပြည်သူထုရဲ့အကျိုးစီးပွားဟာ မိမိအကျိုးစီးပွားလို့ ခံယူထားတဲ့ ကရင်နီပြည်တွင်းအင်အားစုတွေကို စုစည်းကာ ကရင်နီပြည် ကြားကာလအစီအမံအနေနဲ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)၊ ကရင်နီပြည်ကြားကာလလွှတ်တော် (KSIP)၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)၊ ကရင်နီပြည်ကြားကာလ တရားစီရင်ရေး (KSIJ) တို့ကို ဖွဲ့စည်းတည်ဆောက်ပြီး အာဏာဟာရှင်ဟူသမျှ အမြန်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထေင်စု တည်ဆောက်ရေးအတွက် တခြား နိုင်ငံရေးအင်အားစု၊ ပါတီတွေနဲ့လည်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝအာမခံချက်ရှိပြီး စည်ပင်သာယာဝပြောတဲ့ ကရင်နီပြည်ကို အမြန်ဆုံးထူထောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုသဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

ဇွန် ၂၁ ရက် ဒီကနေ့ကျရောက်တဲ့ ၁၄၉ နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားအတွက် ပေးပို့တဲ့သဝဏ်လွှာမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး ဒီကနေ့ အခါသမယမှာ ကရင်နီ တိုင်းရင်းသားလူမျိုးတွေအားလုံး စစ်ဘေး၊ စစ်ဒဏ်တွေက လွတ်မြောက်အောင် စွမ်းဆောင်နိုင်ကြစေဖို့လည်း ဆုမွန်ကောင်းတောင်းပေးထားပါတယ်။

ကရင်နီပြည်ကိုတော့ ဗမာဘုရင်ကိုယ်စား ကင်းဝန်မင်းကြီးဦးကောင်းနဲ့ အင်္ဂလိပ်ဘုရင်ခံ ချုပ်ကိုယ်စား ဆာဒေါ့ကလပ်ဖောဆစ်(သ်)တို့က ၁၈၇၅ ခုနှစ်၊ ဇွန် ၂၁ ရက်မှာ သီးခြား လွတ်လပ်တဲ့ ပြည်အဖြစ် အသိအမှတ်ပြုပြီး ဘယ်လိုနည်းနဲ့မှ အုပ်ချုပ်စိုးမိုးခြင်း ပြုမှာ မဟုတ်ကြောင်း  နှစ်နိုင်ငံအကြား သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြတဲ့နေ့ကို အစွဲပြုပြီး ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာပါ။

ဒီကနေ့အချိန်မှာတော့ ပြည်သူကို နည်းမျိုးစုံနဲ့ ဖိနှိပ်ညှဉ်းပန်းသတ်ဖြတ်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အစွမ်းကုန် ကျူးလွန်နေတဲ့ စစ်အုပ်စုကို ပြည်သူတရပ်လုံးက နိုင်ငံအနှံ့အပြားမှာ တော်လှန်တိုက်ခိုက်နေသလို ကရင်နီအမျိုးသားတွေကလည်း အသက်၊ သွေး၊ ချွေး စတေးပေးဆပ်ကာ တက်ကြွစွာ ပါဝင်နေတဲ့အတွက် များစွာလေးစား ဂုဏ်ယူအပ်ကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် လွတ်လပ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ ပြည်နယ်အဖြစ် ရပ်တည်နိုင်ဖို့ ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ရင်း အသက်ဆုံးရှုံးသွားခဲ့ကြတဲ့ ကရင်နီ အမျိုးသားခေါင်းဆောင်ကြီးတွေ၊ ရဲဘော်တွေနဲ့ ပြည်သူတွေအားလုံးကိုလည်း NUG အစိုးရအနေနဲ့ အာဇာနည်သူရဲကောင်းတွေအဖြစ် ဦးညွှတ်အလေးအမြတ်ပြုတယ်လို့လည်း ဆိုပါတယ်။

NUG အစိုးရအနေနဲ့ ပြည်သူ့နွေဦးတော်လှန်ရေး ဘုံရည်မှန်းချက် ၂ ရပ်ဖြစ်တဲ့ စစ်အာ ဏာရှင်အမြစ်ပြတ်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ပေါ်ထွန်းလာရေးတွက်  ကရင်နီအမျိုးသားတွေအပါအဝင် နိုင်ငံတဝန်း တိုင်းရင်းသားလူမျိုးတွေ  အားလုံး နဲ့ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013