စစ်အုပ်ရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်နေတယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောတဲ့အကြောင်း AFP သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
သူ့ရဲ့ ၇၉ နှစ်မြောက်မွေးနေ့ဖြစ်တဲ့ ဇွန် ၁၉ ရက်နေ့အပြီး နောက်တရက်မှာ ခုလိုပြောလိုက်တာ ဖြစ်ပြီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသေးစိတ် အခြေအနေတွေကိုတော့ ထည့်သွင်းပြောကြားတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျနော်သိသလောက်တော့ ကျန်းမာရေးကောင်းပြီး အရင်က ကျနော်တို့ စီစဉ်ပေးတဲ့ နေရာမှာ နေထိုင်နေပါတယ်”လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ၂၀၂၁ အာဏာသိမ်းပြီးချိန်ကတည်းက ခုချိန်ထိ စစ်ကောင်စီက အမှုပေါင်း ၁၉ မှုနဲ့ စွဲချက်တင်ခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ကျခံနေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ သူ့ကို အကျဉ်းထောင်ကနေ နေအိမ်တအိမ်ကို ပြောင်းရွှေ့ပေးထား ကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး DVB အနေနဲ့တော့ အခုအချိန်ထိ အ တည်မပြုနိုင်သေးပါဘူး။
AFP သတင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီမြို့တော်ဖြစ်တဲ့ နေပြည်တော်က အထူးဆောက်လုပ်ထားတဲ့ အကျဉ်းထောင်ဝင်းထဲမှာ ထိန်းသိမ်းထားတယ်လို့ ရေးသားပါတယ်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူ့ကို လက်ရှိ ဘယ်နေရာမှာ ချုပ်နှောင်ထားတယ်ဆိုတာ မဖော်ပြဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ နေပြည်တော်မှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိ သွားခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်တဲ့ စောင့်ရှောက်မှုတွေပေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းချိန်ကစတင်ပြီးတော့ လူမြင်ကွင်းက ပျောက် ကွယ်နေခဲ့ပြီး သူ့ကို တရားရုံးတင်စစ်ဆေးချိန်မှာ ရိုက်ယူထားတဲ့ စစ်ကောင်စီဝါဒဖြန့် မီဒီ ယာတွေပေါ်ကတဆင့်သာ မြင်တွေ့နေရတာ ဖြစ်ပါတယ်။
သူ့ရဲ့ သားဖြစ်သူ ကင်မ်ကတော့ မိခင်ဖြစ်သူရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး ပြဿနာ တွေကြောင့် သူ့အမေရဲ့ အခြေအနေအတွက် စိုးရိမ်မိတယ်လို့ ဇွန် ၁၉ ရက်က AFP ကို ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်က ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၉ နှစ်ပြည့်မွေးနေ့ ပွဲတွေကို ပြည်တွင်းပြည်ပမှာ ကျင်းပခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေလွတ်မြောက်ရေး ပန်းသပိတ်လှုပ်ရှားမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
Source: AFP