ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်သူတွေကို အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောဆိုလာပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကံမကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရတဲ့ ဖြစ်စဉ်မှာ စစ်တပ်ကပစ်ခတ်ခဲ့တာဖြစ်ပြီး အမှန်ပေါ်ပေါက်ရေးအတွက် စစ်ဆေးရေးအဖွဲ့ဖွဲ့စည်းကာ ဆောင်ရွက်နေတယ်ဆိုပြီး ဗိုလ်ချုပ်ဇော် မင်းထွန်းက ဇွန် ၂၁ ရက်ညမှာ ဝါဒဖြန့် မီဒီယာတွေကနေ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက "ယာဉ်ကိုရပ်တန့်ဖို့ လုံခြုံရေးကားပေါ်ကနေ အော်ဟစ် တားဆီးတာတွေ၊ လက်ပြတားဆီးတာတွေလုပ်ခဲ့ကြောင်းသိရှိခဲ့ရပါတယ်။ နောက်ဆုံးသေနတ်ကို မိုးပေါ်ထောင်ပစ်ခတ် တားဆီးခဲ့တယ်ဆိုတာလည်း သိရှိခဲ့ရပါတယ်။ အရပ်သားကားက ကျော်တက်မောင်းနှင်သွားတဲ့အခါမှာ နောက်ကနေလည်း ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာကို အကြမ်းဖျင်း သိရှိခဲ့ရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးအသေးစိတ်ထပ်မံ စိစစ် ဆန်းစစ်သွားမှာဖြစ်ပါတယ်"လို့ ပြောပါတယ်။
ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံဟာ စစ်တပ်က သေနတ်နဲ့ပစ်ခတ်လို့ ပျံလွန်တော်မူခဲ့တာဖြစ်တယ်လို့ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသက ဇွန်လ ၂၀ ရက်မှာ မိန့်ကြားခဲ့ ပြီးနောက် အခုလို ဝန်ခံပြောဆိုလာတာ ဖြစ်ပါတယ်။
ဒီမတိုင်ခင်ကတော့ စစ်ကောင်စီဘက်က မြန်မာရုပ်မြင်သံကြား (MRTV)၊ မြဝတီ၊ ဝါဒဖြန့်ရုပ်သံတွေကတဆင့် PDF တွေ ပစ်ခတ်ခဲ့တာလို့ သတင်းထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။