Home
မြန်မာသတင်း
ကလေးမြို့တွင် စစ်တပ် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ၉ တန်းကျောင်းသား ၃ ဦး ဒဏ်ရာရ
DVB
·
June 21, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားရွာမှာ ဇွန် ၂၀ ရက် ညနေ ၆ နာရီဝန်းကျင်က စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုကြောင့် ၉ တန်းကျောင်းသား ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး တဦးမှာ စိုးရိမ်ရတယ်လို့ တင်သားရွာခံတွေက ပြောပါတယ်။

အဆိုပါ ၉ တန်းကျောင်းသား ၃ ဦးဟာ အသက် ၁၅ နှစ်ဝန်းကျင်အရွယ် ရှိကြပြီး ညကျောင်းကျူရှင်သွားစဉ် ကျေးရွာအခေါ် အမှတ် ၆ ရပ်ကွက် ဆည်ထူးဆိပ်အနီးမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးချလိုက်တာကြောင့် ဒဏ်ရာရရှိခဲ့ကြတာပါ။

တင်သားရွာသူတဦးက “အမှတ် ၆ က ကလေး‌တွေပါ၊ ညနေ ၆ နာရီလောက်က ညကျောင်းသွားကြတာ။ ကြံသာမှာနေတဲ့ စစ်တပ်က ဒရုန်းနဲ့ ကလေးတွေအပေါ် ကြဲသွားတာ။ ညကျောင်းသွားတာက ၄ ယောက်က တယောက်က စက်ဘီးနဲ့မို့ လွတ်သွားတာ။ ကျန် ၃ ယောက်ကတော့ ဒဏ်ရာတွေရကြတယ်။ လက်တွေ၊ ခြေထောက်၊ ကျောပြင်တွေ အနှံ့‌ပေါ့။ တယောက်တော့ ခြေထောက် ၂ ဖက်လုံးထိပြီး စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာရရှိတဲ့ ကလေး ၃ ယောက်လုံးဟာ နီးစပ်ရာ NUG လက်အောက်ခံ ပြည်သူ့ဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေကြရတာပါ။

စစ်ကောင်စီကတော့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ တင်သားရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းဗုံးချတာတွေ မကြာခဏ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ လက်နက်ကြီးနဲ့ပစ်ခတ်မှု၊ ဒရုန်းဗုံးချမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လေ့ မရှိပါဘူး။

မေ ၂၉ ရက် ညကလည်း စစ်ကောင်စီလက်နက်ကြီးကြောင့် တင်သားရွာ အမှတ် ၄ ရပ်ကွက်က ဒေသခံ ၄ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တင်သားရွာခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013