Home
နိုင်ငံတကာ
ဂါဇာပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် ဝေဖန်ချက်ကို ဆိုက်ပရပ်စ်သမ္မတ ငြင်းဆို
DVB
·
June 22, 2024
Photo -REUTERS

ဆိုက်ပရပ်စ်သမ္မတနိုင်ငံဟာ ဂါဇာပဋိပက္ခမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ဝေဖန် ပြောဆိုချက်တွေကို သမ္မတ နီကိုးစ်ခရစ္စ်တိုဒိုလိဒစ်စ်က ဇွန် ၁၉ ရက်မှာ ငြင်းဆိုလိုက်ပါတယ်။

ဆိုက်ပရပ်စ်သမ္မတနိုင်ငံဟာ ပြဿနာရဲ့ အစိတ်အပိုင်းမဟုတ်ဘဲ ဖြေရှင်းချက်ရဲ့ တစိတ်တပိုင်းသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ဟစ်ဇ်ဘိုလာအကြီးအကဲ ဆေယစ်ဒ် ဟက်ဆန်နက်စ်ရယ်လာက ရန်သူ ၂ ဖွဲ့အကြား အလုံးစုံစစ်ပွဲဖြစ်ပွားလာခဲ့ရင် အစ္စရေးရဲ့ ဘယ်နေရာမှာမှ လုံခြုံမှာမဟုတ်ကြောင်း ပြောကြားခဲ့ပြီး လက်ဘနွန်နဲ့ အကွာအဝေး အနီးကပ်ဆုံးမှာရှိတဲ့ အီးယူအဖွဲ့ဝင် ဆိုက်ပရပ်စ်နဲ့ မြေထဲပင်လယ်ရဲ့ တခြားအစိတ်အပိုင်းတွေကိုလည်း ပထမဆုံးအကြိမ် ခြိမ်းခြောက်ခဲ့တာပါ။

ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ဂါဇာစစ်ပွဲနဲ့အပြိုင် အစ္စရေးနဲ့ ပစ်ခတ်မှုဖြစ်ပွားနေတာ ၈ လကျော် ရှိသွားပါပြီ။

လက်ဘနွန်နဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ အီးယူအဖွဲ့ဝင် ဆိုက်ပရပ်စ်ဟာ သူ့ရဲ့လေဆိပ်နဲ့ အခြေစိုက်စခန်းတွေမှာ အစ္စရေးကို စစ်ရေးလေ့ကျင့်ဖို့ ခွင့်ပြုခဲ့တယ်လို့ နက်စ်ရယ်လာက စွပ်စွဲခဲ့ပါတယ်။

သမ္မတ ခရစ္စတိုဒိုလိဒစ်စ်က “ဆိုက်ပရပ်စ်သမ္မတနိုင်ငံဟာ ဘယ်ရန်လိုမှုတွေမှာမဆို ဘယ်လိုနည်းနဲ့မှ ပတ်သက်ခြင်းမရှိကြောင်းနဲ့ ဆိုက်ပရပ်စ်နိုင်ငံရဲ့ အခန်းကဏ္ဍကိုလည်း အာရပ်ကမ္ဘာကသာမက၊ နိုင်ငံတကာအသိုက်အဝန်းတခုလုံးမှာ လူသားချင်းစာနာ ထောက်ထားမှု စင်္ကြံမှတဆင့် ဥပမာပြခဲ့ပြီးဖြစ်လို့ အသိအမှတ်ပြုခံထားရတယ်”လို့ ဆိုက်ပရပ်စ်မှ ဂါဇာကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပို့ဆောင်မှုကို ရည်ညွှန်းပြီး သတင်းထောက်တွေ ကို ပြောပါတယ်။

လက်ဘနွန်အစိုးရနဲ့ အီရန်အစိုးရတို့နဲ့ သံတမန်လမ်းကြောင်းကတဆင့် ဆက်သွယ်ရေး လမ်းကြောင်းတခုရှိတယ်လို့လည်း ဆိုပါတယ်။

ဟစ်ဘိုလာရဲ့ စွပ်စွဲထုတ်ပြန်ချက်ဟာ ကြားမကောင်းသလို စစ်ဘက်စစ်ဆင်ရေးတွေမှာ ပါဝင်နေတယ်ဆိုပြီး ဆိုက်ပရပ်စ်ရဲ့ပုံရိပ်ကို တင်ပြဖို့ ကြိုးပမ်းနေတာတွေကလည်း ဘယ်လိုအခြေအနေမျိုးမှာမှ အမှန်တရားနဲ့ ဆက်စပ်မှုကို မရှိဘူးလို့လည်း ဆိုက်ပရပ်စ်သမ္မတက ပြောပါတယ်။

ဆိုက်ပရပ်စ်ဟာ အစ္စရေးစစ်တပ်ကို မြေကွက် သို့မဟုတ် အခြေစိုက်စခန်းတွေ ပေးထားလား ဆိုတာ မသိရပေမဲ့ အရင်တုန်းကတော့ သူ့ရဲ့ကျယ်ပြောလှတဲ့ လေပိုင်နက်ဖြစ်တဲ့ လေကြောင်းပျံသန်းမှု အချက်အလက်ဒေသကိုတော့ အစ္စရေးကို အခါအားလျော်စွာ လေကြောင်းလေ့ကျင့်မှု ပြုလုပ်ခွင့် ပေးခဲ့ပါတယ်။

ဒါပေမဲ့ စစ်ပွဲဖြစ်ပွားချိန်မှာတော့ လုံးဝမရှိခဲ့ပါဘူး။  ၁၉၆၀ ပြည့်နှစ်အထိ ကိုလိုနီဖြစ်ခဲ့တဲ့ ဆိုက်ပရပ်စ်မှာ ဗြိတိသျှအခြေစိုက်စခန်း ၂ ခု ရှိထားပြီး အဲဒီ အခြေစိုက်စခန်းတွေကိုတော့ အရင်က ဆီးရီးယားမှာ စစ်ဆင်ရေးအတွက် ဗြိတိန်က အသုံးပြုခဲ့ပြီး မကြာသေးခင်ကတော့ ယီမင်စစ်ဆင်ရေးအတွက် သုံးထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆိုက်ပရပ်စ်အစိုးရကတော့ ဘာမှထုတ်မပြောပါဘူး။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013