Home
မြန်မာသတင်း
ဂန့်ဂေါ ပြည်သူ့အခြေပြုကျောင်းများတွင် ပညာသင်ကြားနေသူ ၁၇,၀၀၀ ကျော်ရှိလာ
DVB
·
June 22, 2024

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ပြည်သူအခြေပြုကျောင်းတွေမှာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းတက်ရောက်တဲ့ ကျောင်းသားကျောင်းသူ ၁၇,၀၀၀ ကျော်ရှိပြီလို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ဆီက သိရပါတယ်။

ဂန့်ဂေါမြို့နယ်အတွင်းမှာ ဇွန် ၃ ရက်ကစလို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလ ပညာသင်ကြားရေးအတွက် ပြည်သူ့အခြေပြုကျောင်းပေါင်း ၉၈ ကျောင်းကျော် ဖွင့်လှစ်ထားပြီး CDM ဆရာ၊ ဆရာမ ၅၃၄ ဦး အပါအဝင် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၁,၆၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာငြိမ်းသူရက “ပြည်သူ့အခြေပြုကျောင်း ဖြစ်တဲ့အတွက် အရင်နှစ်တွေကတော့ အခြေခံပညာကျောင်းတွေမှာပဲ ဖွင့်ပါတယ်။ ဒီနှစ်မှာတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတော့ စာသင်ကျောင်းတွေကို သတိဝီရိယနဲ့ ဖွင့်ရပါတယ်။ နေအိမ်အခြေပြုပုံစံနဲ့ အိမ်တွေမှာပဲ သင်ရပါတယ်” လို့ ပြောပါတယ်။

စာသင်ကျောင်းတွေဟာ နေအိမ်အခြေပြု သင်ကြားရေးတွေဖြစ်ပြီး ကျောင်းသုံးဗလာစာအုပ်၊ ဖတ်စာအုပ် ရရှိဖို့နဲ့ ဆရာ၊ ဆရာမ မလုံလောက်မှုတွေနဲ့ ကြုံနေရတယ်လို့ သင်ကြားရေးဆရာမတဦးက ပြောပါတယ်။ 

“ဂန့်ဂေါမြို့ပေါ်ကနေ ကျောင်းစာအုပ်တွေ သယ်ရတဲ့အခါ အဖြူအစိမ်းတွေကအစ သိမ်းတာတွေရှိတော့ မှောင်ခိုလမ်းကနေ သယ်ကြရတယ်။ NUG ရဲ့ သင်ရိုးနဲ့တော့ လက်ရှိသင်နေပါတယ်။ အရင်နှစ်တွေထက် အခုနှစ်က အရှိန်ရလာပါပြီ။” 

ဂန့်ဂေါမြို့နယ်အတွင်းမှာ ကျောင်းသုံးဗလာစာအုပ် တဒါဇင်ကို ၁၅,၀၀၀ အထိ ပေါက်စျေးရှိနေတယ်လို့ ဂန့်ဂေါဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013