ကမ္ဘာကြီးရဲ့ အာဏာပါဝါ ချိန်ခွင်လျှာ ညီမျှနေစေဖို့ ရုရှားဟာ သူ့ရဲ့နျူကလီးယားလက်နက်တွေကို ကမ္ဘာ့အကြီးဆုံး အဟန့်အတားတခုအဖြစ် ဆက်လက်တီထွင် ထုတ်လုပ်သွားမှာဖြစ်ပြီး ယူကရိန်းမှာ တိုက်ခိုက်နေတဲ့ စစ်တပ်အတွက် နောက်ဆုံးပေါ်လက်နက်တွေနဲ့ ဒရုန်းတွေကို ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ သမ္မတ ပူတင်က ဇွန် ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရုရှားသမ္မတ ပူတင်ဟာ ကရင်မလင်မှာ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးသင်တန်းကျောင်း တွေမှ ဘွဲ့ရတွေ တက်ရောက်လာတဲ့ အခမ်းအနားတခုမှာ မိန့်ခွန်းပြောကြားခဲ့တာပါ။
ရုရှားဟာ ဗျူဟာမြောက် အဟန့်အတား အာမခံတခုအဖြစ် နျူကလီးယား ၃ မျိုးတွဲကို ထပ်ပြီး တီထွင်ထုတ်လုပ်ဖို့ စီစဉ်နေပြီး ကမ္ဘာကြီးရဲ့ အာဏာချိန်ခွင်လျှာကို ထိန်းညှိထားဖို့ဖြစ်တယ် လို့ ပြောသွားပါတယ်။
ပူတင်ပြောကြားတဲ့ နျူကလီးယား ၃ မျိုးတွဲ ဆိုတာဟာ မြေပြင်၊ ရေပြင်နဲ့ ဝေဟင်ပစ် နျူကလီးယား ဒုံးကျည်တွေကို ရည်ညွှန်းတာပါ။
ရုရှားစစ်တပ်ရဲ့ ဌာနတွေ၊ ဌာနခွဲတွေအားလုံးရဲ့ အလားအလာကို အားကောင်းခိုင်မာစေပြီး တိုက်ခိုက်ရေး စွမ်းရည်တွေကိုလည်း တိုးမြှင့်ပေးသွားမှာဖြစ်တယ်လို့ ပူတင်က ပြောပါတယ်။
ဒီဇိုင်နာတွေ၊ အင်ဂျင်နီယာတွေနဲ့ အလုပ်သမားတွေရဲ့ အရည်အသွေးတွေနဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိ တွေကို အတည်ပြုထားတဲ့ နောက်ဆုံးပေါ်စနစ်တွေနဲ့ ဂုဏ်ယူစရာ တိုက်ခိုက်ရေးတာဝန်တွေကို ထမ်းဆောင်ကြမယ်လို့လည်း ဆိုပါတယ်။
ရုရှားကတော့ လက်နက်တွေရဲ့ အဆင့်မြင့်မော်ဒယ်တွေကို ဆက်လက်ထုတ်လုပ်သွားမှာ ဖြစ်တယ် လို့ ပူတင်က ပြောသွားပါတယ်။
Source-Reuters